နေပြည်တော် နိုဝင်ဘာ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်ခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီး၊ ကြိမ်မဲတောင်ကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် အအေးခန်း သိုလှောင်ရုံစနစ် စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည် တော်ကောင်စီနယ်မြေ၊ Grand Amara ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်ကျော်မိုး၊ Green Irrawaddy Energy Co., ltd မှ တာဝန်ရှိသူများနှင့် စီမံကိန်း ကျေးရွာသူကျေးရွာသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု မှတ်တမ်းတင် Video Clip အား ပြသသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယနေ့ပြီးမြောက်အောင်မြင်၍ ဖွင့်လှစ်လိုက်တဲ့ စီမံကိန်းမှာ ရိုးရိုးသာမန် လျှပ်စစ်မီးလင်းရေးစီမံကိန်းတစ်ခုမျှသာမဟုတ်ဘဲ နိုင်ငံတော်အစိုးရရဲ့ "ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး" ဆိုတဲ့ အမျိုးသားရေးဦးတည်ချက်ကို အရှိန်အဟုန် မြှင့်တင်အကောင်အထည်ဖော်ဆောင်ရွက်မှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ မိမိတို့ရဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ "တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်" မဲခေါင်-လန်ချန်းမြစ်ဝှမ်း မိတ်ဖက်နိုင်ငံများအကြား ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တစ်ခုလည်း ဖြစ်ပါကြောင်း၊
စက်မှုကဏ္ဍ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး၊ တန်ဖိုးမြှင့် ထုတ်ကုန်များ (Value-added Products) ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ပြည်သူများ၏ နေ့စဉ် လူနေမှုဘဝမြင့်မားရေးအထိ ကဏ္ဍအားလုံးရဲ့ အခြေခံအကျဆုံးလိုအပ်ချက်မှာ လျှပ်စစ် စွမ်းအင်ရရှိမှုပဲဖြစ်ပြီး လျှပ်စစ်စွမ်းအင်မရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်မဟုတ် ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အကြီးအကဲက နိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ဖို့၊ အထူးသဖြင့် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ "ပြည့်ဖြိုးမြဲလျှပ်စစ် စွမ်းအင် (Renewable Energy)" အရင်းအမြစ်များကို အလေးထားထုတ်ယူသုံးစွဲဖို့ အကြိမ်ကြိမ် လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံများကို လေ့လာကြည့်မည်ဆိုပါကလည်း ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည့် နိုင်ငံ တိုင်းသည် "ကျေးလက်မီးလင်းရေး၊ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး" တို့ကို ပထမဦးစားပေး အဖြစ် ဆောင်ရွက်ခဲ့ကြပါကြောင်း၊
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ပြည့်မီစေရေးကို အထောက်အကူပြုရေးအတွက် အကြိုလျှပ်စစ်ဓာတ်အားပေးစနစ် အဖြစ် မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ အိမ်သုံးဆိုလာစနစ် (၄၇၄,၀၇၇) စုံ၊ အသေးစားဓာတ်အား စနစ်လုပ်ငန်းပေါင်း (၁၃၆) ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာပေါင်း (၁၀,၅၁၁) ရွာ၊ အိမ်ခြေ (၅၁၇,၅၃၄) အိမ် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျေးလက်ဒေသရဲ့ ၅၁.၆ % ဟာ လျှပ်စစ်မီး ရရှိသုံးစွဲနေတာကိုတွေ့ရပြီး စွမ်းအင်ရင်းမြစ်အသုံးပြုမှုအနေနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုဟာ ကျေးလက်ဒေသမှာ (၃၀.၂%) ရှိပြီး (၂၉.၇%) ဟာ ဆိုလာစွမ်းအင်သုံးစွဲတာကို တွေ့ရပါကြောင်း၊ ဒါ့ကြောင့် ကျေးလက်မီးလင်းရေးမှာ ဆိုလာစွမ်းအင်က အဓိကကျတဲ့အခန်းကဏ္ဍကမှ ပါဝင်နေတာ မငြင်းနိုင်သည့်အမှန်တရားပင် ဖြစ်ပါကြောင်း၊
ယခုဆောင်ရွက်ပြီးစီးတဲ့ စီမံကိန်းဟာဆိုလျင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ (၂၀၂၃)၊ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ အချိုးကျပူးပေါင်းထည့်ဝင် ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ အောင်အောင်မြင်မြင်ဖြင့် အကောင်အထည် ဖော်နိုင်ခဲ့တာဖြစ်ပါကြောင်း၊ အစိုးရ-ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်တစ်ခုလည်းဖြစ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနဲ့ ဆောင်ရွက် ခဲ့တဲ့ (၄) ခုမြောက် အသေးစားဓာတ်အား စနစ်စီမံကိန်းလည်း ဖြစ်ပါကြောင်း၊ စီမံကိန်းပါ ၁၆၅.၆၈ ကီလိုဝပ် ဆိုလာအသေးစားဓာတ်အားပေးစနစ်ဟာ ၁၀၈ ကီလိုဝပ် အရံဒီဇယ်အင်ဂျင်စနစ်နဲ့ ပံ့ပိုး ထားတဲ့ ခေတ်မီ Hybrid ဓာတ်အားပေးစနစ် ဖြစ်တာကြောင့် ကြိမ်မဲတောင်ကျေးရွာရှိ အိမ်ခြေ (၃၄၅) အိမ်၊ လူဦးရေ (၁၇၂၅) ဦးအတွက် တည်ငြိမ်ပြီးစိတ်ချရတဲ့ လျှပ်စစ်ဓာတ်အားကို ရရှိစေ တော့မှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ဒီဒေသရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ရေလုပ်ငန်းက ထွက်ရှိ တဲ့ ငါး၊ ပုဇွန်၊ ကင်းမွန်စတဲ့ ရေထွက်ကုန်များအတွက် မရှိမဖြစ် လိုအပ်နေတဲ့ "အအေးခန်း သိုလှောင်ရုံစနစ်" ကိုပါ တစ်ပါတည်း ပူးတွဲတည်ဆောက်ပေးခဲ့တာဖြစ်၍ ရေထွက်ကုန်တွေကို မူလအရသာ၊ အရည်အသွေး မလျော့ပါးစေဘဲ လတ်လတ်ဆတ်ဆတ် သိုလှောင်ထားနိုင်ခြင်း၊ ကုန်ပစ္စည်း ပေါတဲ့အချိန်၊ ဈေးချိုတဲ့အချိန်တွင် မရောင်းချဘဲ ဈေးကွက်ကောင်းတဲ့အချိန်၊ စိတ်ကြိုက် ဈေးရတဲ့အချိန်အထိ စောင့်ဆိုင်းပြီး ချိတ်ဆက်ပေးပို့နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိမှာ ဖြစ်ပါကြောင်း၊ မိသားစုဝင်ငွေ တိုက်ရိုက်တိုးပွားစေရုံတင်မကဘဲ အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ ရေထွက်ကုန်အခြောက်ခံလုပ်ငန်းစသည့် ဆက်စပ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) များပါ တိုးတက်လာစေမှာ ဖြစ်ပါကြောင်း၊ ထို့ပြင် လျှပ်စစ် စွမ်းအင်သုံး အိမ်အသုံးအဆောင်ပစ္စည်းများ သုံးစွဲလာနိုင်တဲ့အတွက် လူနေမှုအဆင့်အတန်း မြင့်မား လာမှုနဲ့အတူ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေး၊ ကျေးရွာပြည်သူများရဲ့ကျန်းမာရေးစသည့် ဆက်စပ်ကဏ္ဍများဖွံ့ဖြိုးရေးကိုပါ အထောက်အကူပြုစေပါကြောင်း၊
စီမံကိန်းရေရှည်တည်တံ့ရေးအတွက် ကျေးရွာသူ/ ကျေးရွာသားများအနေဖြင့် ဓာတ်အားပေး စနစ်နဲ့အအေးခန်းမှာ “ငါတို့ရွာရဲ့ပိုင်ဆိုင်မှု၊ ငါတို့ရဲ့အသက်သွေးကြော” ဆိုတဲ့ စိတ်ဓာတ်နဲ့ တန်ဖိုး ထားပြီး အကျိုးရှိရှိအသုံးပြုကြရန်၊ မိမိတို့လိုက်နာရမယ့်စည်းကမ်းချက်များ၊ ဆောင်ရွက်ရမယ့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြရန်၊ အလားတူ ကုမ္ပဏီဘက်မှလည်း မိမိတို့ဆက်လက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းဝန်ဆောင်မှုများကို မပျက်မကွက်ဆောင်ရွက်ပေးကြရန်နှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း အမြဲမပြတ် စောင့်ကြည့်စစ်ဆေးသွားရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်ပြီး Green Irrawaddy Energy Co., Ltd မှ Managing Director က စီမံကိန်း ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံကျေးရွာသားတစ်ဦးက စီမံကိန်းဆောင်ရွက်ပေးခဲ့မှုအပေါ် ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
၎င်းနောက် စီမံကိန်းအောင်မြင်ခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး စီမံကိန်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား လိုက်လံလှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်