Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်မှုရွာစီမံကိန်းစွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာသင်တန်းဖွင့်လှစ်


27 Nov,2025

နေပြည်တော်၊ နိုဝင်ဘာ ၂၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လက်မှုရွာစီမံကိန်းနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာသင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ သင်ဆိုင်ရာဝန်ရှိသူများ နှင့် သင်တန်းသားများတက်ရောက်ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုမြင့်မားတိုးတက်စေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဝင်ငွေတိုးစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ယခုအခါ လက်မှုအနုပညာပစ္စည်းကဏ္ဍ၏ လုပ်ငန်း စီမံချက် (Plan of Action – POA) ကို ရေးဆွဲခဲ့ပြီး မဟာဗျူဟာမြောက် ဦးတည်ချက် ၃ ၊ လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ရည်မှန်းချုက် ၃.၁ ဖြစ်သည့် “လက်မှုလုပ်ငန်းများ တိုးတက်ထုတ်လုပ်လာနိုင် စေရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး” အတွက် လက်မှုရွာစီမံကိန်းကို နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ထည့်သွင်း ရေးဆွဲခဲ့ပါကြောင်း၊ ထို့ကြောင့် ယခု ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

          လက်မှုရွာစီမံကိန်းကို မြန်မာ့ရိုးရာပန်း (၁၀)မျိုး အပါအဝင် လက်မှုလုပ်ငန်းများ တိမ်ကောပ ပျောက်မှုမရှိစေဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်စေပြီး လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန်၊ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းများအား ပြုလုပ်ပုံနည်းစနစ်များနှင့်တကွ တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့လာခွင့်ရရှိနိုင်စေရန်၊ မြန်မာ့ရိုးရာလက်မှုထည်များကို အားပေးမြှင့်တင်ရန်နှင့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကျယ်ပြန့်ပြန့်ရရှိနိုင်စေပြီး လက်မှုပို့ကုန်ကဏ္ဍမြှင့်တင်နိုင်စေရန်၊ ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့် စက်ကိရိယာများအသုံးပြု၍ စံချိန် စံညွှန်းမီထုတ်ကုန်သစ်များ တိုးတက်ထုတ်လုပ် လာနိုင်စေရန်၊ မြန်မာ့လက်မှုထုတ်ကုန်များ၏ ထုပ်ပိုးမှုစနစ် တိုးတက်ကောင်းမွန်လာစေရန်၊ နိုင်ငံတော်အတွက် လက်မှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဆက်စပ်သည့် နေရာသစ်များဖန်တီးပေးပြီး နိုင်ငံခြားဝင်ငွေရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် လက်မှုလုပ်ငန်းလုပ်ကိုင်နေသည့် ကျေးရွာ/ရပ်ကွက် များ ဖွံ့ဖြိုးတိုးတက်လာစေပြီး လက်မှုလုပ်ငန်းရှင်များ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင် တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်ကြပြီး မိမိကျေးရွာဒေသနှင့် ကျေးရွာတွင် မှီတင်းနေထိုင်ကြ သည့် ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့ယဉ်ကျေး မှုရိုးရာလက်မှုအနုပညာများ ရေရှည်ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်ဦးရွက်ပြုကာ ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် သင်တန်းသားများ က မိတ်ဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြ သူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာသင်တန်းတွင် လက်မှုထုတ်ကုန်များအတွက် လိုအပ် သည့် မူပိုင်ခွင့်ဥပဒေအကြောင်း၊ ပို့ကုန်တင်ပို့မှုဆိုင်ရာ သိကောင်းစရာများနှင့် ပို့ကုန်ကုန်သွယ်မှုဥပဒေ၊ Digital Marketing၊ Technology Improvement and Design Innovation , Marketing နှင့် ငွေစာရင်းရေးဆွဲ ထိန်းသိမ်းနည်းအကြောင်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင် သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်