Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြင့်စိုး (နတလ) ခရီးသွားနေသည်


22 Dec,2025

မြင့်စိုး(နတလ)

စစ်သူကြီးမဟာဗန္ဓုလ၏ ဂူဗိမာန်

          ရုပ်ရှင်မင်းသား ကိုလွင်မိုး၏စကားကို ခေတ္တငှားသုံးရလျှင် ကျွန်တော် မြင့်စိုး(နတလ) ခရီးသွားနေပါသည်။ သည်ဘက်နှစ်တွေမှာ ဓနုဖြူမြို့ကို ကျွန်တော် မကြာခဏဖြတ်ဖြစ်ခဲ့၏။ ဓနုဖြူမြို့က ကြိုဆိုပါသည် ဆိုင်းဘုတ်ကိုမြင်တိုင်း က နှင့် မှ ကိုကွဲပြားအောင် ညွှန်ပြသွားခဲ့ သော ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)အား ကျေးဇူးတင်စွာ အမှတ်ရမိပါသည်။ ဓနုဖြူမြို့ကို ဖြတ် တိုင်းလည်း လွန်ခဲ့သောနှစ်ပေါင်း (၅၀) ခန့်က ရောက်ဖူးမြင်ဖူးခဲ့သည့် စစ်သူကြီးမဟာဗန္ဓုလ၏ အုတ်ဂူကို ပြန်လည်ကြည့်ရှုဂါရဝပြုလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်ခဲ့ပါသည်။ လွန်ခဲ့သော နှစ် ပေါင်း (၅၀) ဟု ပြောရသည်ကတော့ ကျွန်တော် ပထမအကြိမ် ရောက်ခဲ့သည်မှာ (၉) တန်း ကျောင်းသားဘဝ ၁၉၇၅ ခုနှစ် ဖြစ်သည်။ လေးမျက်နှာ(မြို့ဟောင်း) ပရဟိတကျောင်းမှာ နေထိုင်၍ ပညာသင်ကြားနေစဉ် ကျေးဇူးရှင် ဆရာတော်ကြီး ဦးဇောတိပါလ၏ တရားပွဲများကို အကြောင်းပြုလျက် ကပ္ပိယကျောင်းသားအဖြစ် လိုက်ပါရင်း ဓနုဖြူ၊ ကျုံတနီး၊ ကျုံပျော် အစရှိ သော မြို့ရွာများသို့ ရောက်ဖူးခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဓနုဖြူခံတပ်သည်လည်းကောင်း၊ စစ်သူကြီး မဟာဗန္ဓုလ ကျဆုံးသွားသော နေရာသည်လည်းကောင်း၊ ဧရာဝတီမြစ် ကမ်းပြို သည့်ဒဏ်ကို မခံရသေးဘဲ လွတ်လွတ်ကင်းကင်း ရှိနေသေးသည့် အနေအထားဖြစ်သည်။ ယခု နှစ်ပေါင်း (၅၀) ကြာမှ မြင်ခဲ့ရသည့် မြင်ကွင်းတို့သည်ကား ယခင်နှင့်မတူတော့ပြီ။ ခံတပ်မြို့ရိုး ဟောင်းတစ်ခုသာ ဧရာဝတီမြစ်ရှိရာသို့ ဦးတည်လျက် ကျန်ရှိနေသည်။ သဒ္ဓမ္မဇောတိကရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက်ဝင်းအတွင်းရှိ စစ်သူကြီးမဟာဗန္ဓုလ၏ ဂူဗိမာန်ကို ပြုပြင်တည် ဆောက်ထားကြောင်း တွေ့ရသည်။ ဂူထိပ်ရှိ စကျင်ကျောက်တိုင်လေးမှာ ရေးထိုးထားသည်က တော့ “ခရာဇ်သက္ကရာဇ် ၁၈၂၅ ခု ဧပြီလ ၁ ရက်နေ့တွင် မဟာဗန္ဓုလစစ်သူကြီးသည် ရန်သူ့ လက်နက် ဗုံးဆန်ချက်ကြောင့် မကြာတခဏ ဤဌာန၌ အနိစ္စသဘောသို့ ရောက်လေသည်” …တဲ့။

စစ်သူကြီးမဟာဗန္ဓုလ၏ အထုပ္ပတ္တိအကျဉ်း

          ဂူဗိမာန်ကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ထိုစဉ်က ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များ၊ လူမှုရေးအသင်းအဖွဲ့များက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်ဟု ဖော်ပြထားပြီး အထုပ္ပတ္တိအကျဉ်းကိုလည်း ယခင်အဟောင်းမှ ပြန်လည်ကူးယူဖော်ပြထားကြောင်း အသစ် အဟောင်း နှစ်ချပ်ယှဉ်တွဲ၍ တွေ့ခဲ့ရသည်။ မှတ်တမ်းဟောင်း၏ အောက်ဆုံးမှာ ဖော်ပြထား သည်ကတော့ ယခု ကျောက်ရုပ်ကို မြန်မာသက္ကရာဇ် ၁၃၁၈ ခု၊ ပြာသိုလတွင် သဒ္ဓမ္မဇောတိက ရာမပါဠိတက္ကသိုလ်ကျောင်းတိုက် တာဝန်ဆောင်ပုဂ္ဂိုလ် ဦးအောင်စိန်က ကြီးမှူး၍ ဆောက်လုပ် ခဲ့သည်ဟူ၏။ လက်ပိုက်ထားသော ဗန္ဓုလကျောက်ရုပ်၏ သက်တမ်းကပင် နှစ်ပေါင်း (၇၀) နီးပါး ရှိနေပါပကော။

စစ်သူကြီးမဟာဗန္ဓုလ၏ သမိုင်းအကျဉ်းကို လိုက်လံဖတ်ရှုရင်း စိတ်အစဉ်က လေးမျက် နှာမြို့နယ် အနောက်ဘက်ခြမ်းရှိ အလကလှော်ကထားကျောင်း (ယခုအထက) သို့ ပြန်လည် ရောက်ရှိသွားပြီး ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ရင်ထိုးတံဆိပ် ဝါစိမ်း နီပြာလေးတွေ တပ်ခဲ့ရတာ၊ အသင်းလိုက်ဘောလုံးပြိုင်ပွဲမှာ ဆရာဦးမောင်ဝင်း ဦးဆောင်သော ကျွန်တော်တို့ အလောင်းဘုရားဘောလုံးအသင်းက ဆရာဦးမြင့်သိန်းဦး၏ ဗန္ဓုလအသင်းကို ရှုံးခဲ့တာတွေကအစ တသီတတန်းကြီး ပေါ်လာပါတော့သည်။ မှတ်တမ်းမှာ ဖော်ပြထားသည် ကတော့ မဟာဗန္ဓုလကို အောက်ချင်းတွင်းခရိုင် ဒီပဲယင်းရွာနေ လယ်သမားကြီး ဦးပေါက်တော၊ ဒေါ်ငြိမ်းတို့မှ မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ် တန်ဆောင်မုန်း လဆန်း ၂ ရက်(တနင်္လာနေ့)တွင် ဖွားမြင်ပြီး ငယ်မည် မောင်ရစ်ဟု ခေါ်ကြောင်း၊ ၁၁၈၃ ခုနှစ်တွင် နန်းတက်သည့် အင်းဝပြည့်ရှင် ဘကြီးတော်ဘုရား (အိမ်ရှေ့စံစစ်ကိုင်းမင်းသားဘဝဖြင့် ရှိနေစဉ်) လက်ထက်ကတည်းက အမှုတော်ထမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဤနေရာသို့ အရောက်တွင်မူ ဖျတ်ခနဲ မိမိတို့မွေးရပ်မြေ လေးမျက်နှာမြို့လေးအတွက် ကြံဖန်ပြီး ဂုဏ်ယူစရာ အချက်တစ်ချက်ကို သွား၍တွေ့ရသည်။ လေးမျက်နှာမြို့နယ် မြင်းကကုန်း (မြင်းကုန်း) ဇာတိဖွား ပထမထွဋ်ခေါင်ဆရာတော်ကြီးသည် ဘိုးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီး ရတနာဒေဝီက ကိုးကွယ်ခဲ့သလို ဒုတိယထွဋ်ခေါင် ဆရာတော်ကြီးသည်လည်း စစ်ကိုင်းမင်းသား ဘကြီးတော်မင်း၏ မိဖုရား ရှင်မင်းနု (ခေါ်) မယ်နုက ကိုးကွယ်ခဲ့ရာ စစ်သူကြီး မဟာဗန္ဓုလသည်လည်း ထွဋ်ခေါင်ဆရာတော်ကြီးနှင့် ပဌာန်းရေစက်ရှိခဲ့ ဆုံခဲ့လိမ့်မည်ဟူ၍။

ဆက်လက်ဖော်ပြထားသည်မှာ စစ်သူကြီးမဟာဗန္ဓုလသည် သတ္တိဗျတ္တိနှင့်ပြည့်စုံသော အာဇာနည်ယောင်္ကျားကောင်းဖြစ်၍ ရဲတိုက်သံတော်ဆင့်၊ အလုံမြို့ဝန်၊ မဟာဗန္ဓုလ ရာထူးများ ကို ရရှိခဲ့ပြီးနောက် ကျွန်နေမျိုး၊ သားသတိုး ဟူ၍ ပေးရိုးထုံးစံကိုပင် ပယ်လျက် “အဂ္ဂမဟာ သေနာပတိဝန်ကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ” သူရဲကောင်းဘွဲ့ကို ချီးမြှင့်ခြင်းခံရကြောင်း၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် အာသံပြည် ဘင်္ဂလားနယ်စပ်အထိ (၂) နှစ်နီးပါး တိုက်ခိုက် ခဲ့ရာ အာရှတိုက်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများအနက် အင်္ဂလိပ်တို့ အကျအဆုံးအများဆုံး ဖြစ်ခဲ့သည့်တိုက်ပွဲများ ဖြစ်ကြောင်း၊ ဓနုဖြူမြို့တွင် ရှေးတလိုင်းမင်းတို့၏ ခံတပ်ဟောင်းမြို့ရိုး နေရာမှ ခုခံတိုက်ခိုက်ရာ အင်္ဂလိပ်တို့က မြို့ရိုးခံတပ်၏ မြောက်ဘက် ရွှေရောင်ပြဘုရားကုန်း ၌ တပ်စွဲပြီး အမြှောက်ဗုံးဆံများ ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သူကြီးမဟာဗန္ဓုလသည် မြို့ရိုးခံတပ်၏ အနောက်မြောက်ကျုံးအနီး ကြက်တိုက်ကုန်း၌ ရန်သူ့ဗုံးဆံသင့်၍ သက္ကရာဇ် ၁၁၈၆ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကျဆုံးခဲ့ကြောင်း၊ ကျဆုံးချိန်တွင် အသက် ၄၂ နှစ် အရွယ်သာရှိသေးကြောင်း ရေးထိုးဖော်ပြထားပါသည်။

ပန်းခြံထဲက မတူကွဲပြားရက်စွဲများ

          ဓနုဖြူခံတပ်ဟောင်းနေရာသို့ သွားရောက်လေ့လာကြည့်ရှုပြီးသောအခါ ပန်းတာ အဆင်း လှေကားလေးအတိုင်းဆင်းသွားပြီး ခပ်လှမ်းလှမ်းက မဟာဗန္ဓုလပန်းခြံသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါသည်။ သမိုင်းမှတ်တမ်းအထောက်အထားများအရ ဓနုဖြူခံတပ်သည် ဧရာဝတီမြစ် ကမ်းဘေးတွင် အလျား ၁ မိုင်ခန့်၊ အကျယ်ကိုက် ၅၀၀ နှင့်ကိုက် ၈၀၀ ကြား ကျယ်ဝန်းခဲ့ကြောင်း သိရသည်။ ပါဠိတက္ကသိုလ်ကျောင်းဝင်းအတွင်း ၁၈၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အုတ်ဂူ တည် ဆောက်ခဲ့ကြောင်း၊ စစ်သူကြီးမဟာဗန္ဓုလကို ဂုဏ်ပြုသောအားဖြင့် မြင်းစီးရုပ်တုနှင့် ပန်းခြံ အား ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တည်ဆောက်ခဲ့ကြကြောင်း သိရသည်။ လက်ရှိ ပန်းခြံ လေးအတွင်း မြင်ကွင်းမှာ သစ်ပင်လေးများစီစီရီရီဖြင့် သာသာယာယာရှိနေပါသည်။ ထိုင်ခုံလေး များကို မိုးထားသောအမိုးမှာ ဗန္ဓုလစစ်သူကြီး ဆောင်းခဲ့သော ခမောက်ပုံသဏ္ဍာန် ပြုလုပ်ထား ၏။ ဗန္ဓုလမြင်းစီးရုပ်တုတွင် ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မမဟာဗန္ဓုလဟု ရေးထိုးထားလေရာ ရခိုင်သို့ ချီကာနီး ပဉ္စမမြောက်ရရှိသော ဘွဲ့အမည် ဖြစ်ပေလိမ့်မည်။ ရုပ်တုရှေ့မျက်နှာစာမှာ ကပ်ထားသော ကမ္ပည်းမော်ကွန်းကျောက်ပြားကို ဖတ်ကြည့်လိုက်သောအခါ စစ်သူကြီးမဟာ ဗန္ဓုလ၏ မွေးဖွား၊ ကျဆုံးရက်စွဲများ ကွဲလွဲနေကြောင်း တွေ့ရပါသည်။

          ပါဠိတက္ကသိုလ်ဝင်းအတွင်းရှိ ဂူဗိမာန်မှာတွေ့ခဲ့ရသော မွေးဖွားရက်စွဲမှာ ၁၁၄၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၂ ရက် ဖြစ်ပြီး ပန်းခြံထဲက မှတ်တမ်းတွင် တန်ဆောင်မုန်းလဆန်း ၉ ရက် ဖြစ်နေပါသည်။ ကျဆုံးရက်စွဲမှာလည်း ဂူဗိမာန်မှာ ၁၁၈၆ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့ဖြစ်ပြီး ပန်းခြံထဲမှာ လဆန်း ၁၄ ရက်နေ့ ဖြစ်နေပါသည်။ တောင်ပေါ်နှင့် တောင်အောက် သာခြားသော တစ်မြို့တည်း တစ်နေရာတည်းမှာ ရက်စွဲတွေ ကွဲလွဲနေတာတော့မဖြစ်စေချင်ပါ။ မှတ်တမ်းအထောက်အထားများနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး တာဝန်ရှိသည့်ဌာနများက တည့်မတ်ကူညီဆောင်ရွက်ပေးစေလိုပါသည်။

ကြွေးကျေမျိုးဟု ခေါ်ပါသည်

          ဓနုဖြူမှတစ်ဆင့် ဇလွန်နှင့် ဟင်္သာတကို ဖြတ်ပြီး မွေးရပ်မြေ လေးမျက်နှာသို့ ရောက်ခဲ့ သည်။ သည်တစ်ခေါက်မှာတော့ဖြင့် အထွက်တိုးမြေပဲမျိုးများ စိုက်ပျိုးနေကြသော ငဝန်မြစ် အနောက်ခြမ်းရှိ ကတက်ကုန်းကျေးရွာအုပ်စုသို့ ရောက်အောင် သွားဖြစ်ခဲ့သည်။ ကျွန်တော် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်နေချိန်၊ ရမည်းသင်းနှင့် ပျော်ဘွယ်ဒေသများသို့ ကွင်းဆင်းခဲ့စဉ် ဒေသခံတောင်သူများ စိုက်ပျိုးနေကြ သော ၁ ဧက တင်း ၁၀၀ ကျော် ထွက်သည့်မြေပဲမျိုးများကို တွေ့ခဲ့ရသည်။ ထွက်နှုန်းကောင်း လွန်းပြီး တင်း ၁၀၀ ကျော်ရရှိကာ အကြွေးရှိသမျှ ပြန်လည်ပေးဆပ်နိုင်သဖြင့် ဒေသအခေါ် ကြွေးကျေမျိုးဟု ခေါ်တွင်နေကြသည်။ စိုက်ပျိုးရေးဦးစီးဌာန၏ အခေါ်ကတော့ ရေဆင်းမှ မျိုးပွားထုတ်လုပ်ထားသော ဆင်းပဒေသာ (၁၁) နှင့် (၁၂) တို့ဖြစ်ကြောင်း သိရသည်။ ကြွေးကျေ မျိုးဟူသော ဒေသအခေါ်အမည်က အခြားတောင်သူများပါ ထိုမျိုးကို စိုက်ချင်ပျိုးချင်လာအောင် ဆွဲဆောင်မှုရှိကြောင်း သတိထားမိသည်။ သို့ဖြစ်ပေရာ သမဝါယမဦးစီးဌာနမှ တပည့်များကို အကူအညီတောင်းပြီး အဆိုပါမြေပဲမျိုးများ ရယူကာ လေးမျက်နှာမြို့နယ် ကတက်ကုန်းကျေး ရွာအုပ်စုအတွင်း စတင်စမ်းသပ်စိုက်ပျိုးစေခဲ့ပါသည်။ တကယ်လည်း ၁ ဧက တင်း ၁၀၀ ကျော် ထွက်ခဲ့ပါသည်။ ယခုမိုးရာသီတွင် ဧက ၂၀၀ ခန့် စိုက်ပျိုးထားပြီးဖြစ်ရာ ၁ ဧက တင်း ၁၀၀ ထွက် ရှိပါက ဧက ၂၀၀ အတွက် တင်း ၂၀၀၀၀ ရရှိမည်ဖြစ်၍ ဒေသတွင်းမျိုးပြန့်နှံ့သွားရန် ရည်ရွယ် ပါသည်။ မျိုးချန်၍ ပိုလျှံသော မြေပဲများကို ရောင်းချရာတွင် သမဝါယမအသင်းစု၊ အသင်းများ နှင့် သမဝါယမဆီစက်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး၊ စားအုန်းဆီစားသုံးမှုကို လျှော့ချပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးသမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး စသည်တို့နှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ဖူးခွင့်ကြုံ၍ ဖူးခဲ့သည်

          ကတက်ကုန်းမှ တောင်သူများ၊ မိတ်ဆွေများကို နှုတ်ဆက်ပြီးအပြန်တွင် မိတ်ဆွေတစ်ဦး က ဆရာတော်ကြီးကို ဝင်ဖူးဦးမလားဟု ဖိတ်မန္တကပြုလာပါသည်။ သူပြောသောဆရာတော် ကြီးမှာ သက်ရှိထင်ရှားရှိနေသည့် ဆရာတော်ကြီးမဟုတ်ခဲ့ပါ။ သက်တော် ၉၁ နှစ်၊ ဝါတော် ၇၁ ဝါသို့ရောက်ရှိပြီး လွန်ခဲ့သော ၂၈ နှစ်ကတည်းက ပျံလွန်တော်မူခဲ့သော၊ ကြွင်းကျန်သည့် ရုပ် ကလာပ်ကို အန္တိမအဂ္ဂိဈာပနမကျင်းပဘဲ စံကျောင်းတော်ဆောက်လုပ်ထားရှိခဲ့သော ကတက် ကုန်းဇာတိဖွား ဆရာတော်ကြီးဘဒ္ဒန္တ ဥတ္တရမထေရ် ဖြစ်ပါသည်။ ဆရာတော်ကြီးအား ယင်းကဲ့သို့ ပူဇော်ထားရှိသည်ကို အင်္ဂပူမြို့နယ်ထဲက ကပျိုတောင်တွင်လည်းကောင်း၊ ချင်းပြည် နယ် ဟားခါးမြို့ရှိ ရုန်းတောင်ပေါ်မှာ ထားရှိသော ခွာရုံကျောင်းတိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကိုလည်းကောင်း တွေ့မြင်ဖူးမြော်ခဲ့ဖူးပါသည်။ ယခုဆရာတော်ကြီးကို ၂၀၂၀ ပြည့်နှစ်တွင်တစ်ကြိမ် ဖူးမြော်ခဲ့ပြီးဖြစ်သည်။ ယခုဖူးခွင့်ကြုံ၍ ထပ်မံဝင်ရောက်ဖူးမြော်ခဲ့ ပါသည်။

          ဆရာတော်ကြီးနှင့်ပတ်သက်၍ ထူးခြားမှုများကိုလည်း ကြားသိခဲ့ရသည်။ သက်တော် ထင်ရှားရှိစဉ်က ကျောင်းခေါင်းရင်းမြေကွက်လပ်၌ လာဘဒိဿစေတီတော်ကို တည်လိုကြောင်း မိန့်ကြားခဲ့ရာ ငွေကြေးမရှိသဖြင့် ဒါယကာများ အခက်တွေ့ခဲ့ကြသည်။ မင်းတို့မပူနဲ့ ဖြစ်သွား လိမ့်မည်ဟုပြောပြီးနောက် ခြေဖဝါးတွင် အမွေးတော်များ ပေါက်လာ၍ လာရောက် ဖူးမြော် ကြည်ညိုသူ များပြားလာပြီး ဘုရားတည်ရန် လှူဒါန်းကြသဖြင့် ဉာဏ်တော် ၂၇ တောင်ရှိ စေတီတော်ကို တည်ထားခဲ့ကြောင်း သိရသည်။ တစ်ဖန် ဆရာတော်ကြီး ပျံလွန်တော်မူချိန် မှာလည်း ဆိုင်းဝိုင်းကြီး ငှားရမ်းရမည်ဖြစ်ပေရာ ကားလမ်းမရှိ ဘာမရှိ၊ လှည်းမပေါက် လှေမပေါက်ဖြစ်နေ၍ အခက်ကြုံခဲ့ကြသည်။ ထိုအချိန်မှာပင် တစ်ခါမျှမကြုံဖူးသော ငဝန်မြစ် ကြီး သောင်ထွန်းပြီး ဟိုဘက်ကမ်းသည်ဘက်ကမ်း လမ်းလျှောက်၍ သွားလာနိုင်ကြသည်ဖြစ် ရာ ဂျက်စတင်းဆိုင်းအဖွဲ့ကိုလည်း ထိုလမ်းမှသယ်ယူခေါ်ဆောင်၍ တီးမှုတ်ခဲ့ကြကြောင်း သိရသည်။ ဒုတိယအကြိမ်အဖြစ် ကျွန်တော် ထပ်မံဖူးမြော်ခွင့် ရခဲ့ပါသည်။

မွေးရပ်မြေအတွက် တောင်းဆုခြွေ

          ကျွန်တော့်မွေးရပ်မြေ လေးမျက်နှာမြို့နယ်အတွင်းရှိ အချို့ကျေးရွာအုပ်စုများမှာ တည်ငြိမ်အေးချမ်းရန် လိုအပ်နေပါသေးသည်။ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး စသည် တို့အတွက် တာဝန်ရှိသူများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ တစ်နေ့မှာ ရှေး ယခင်ကအတိုင်း အေးချမ်းရမည်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရမည်။ စိုက်ပျိုးရေးကအစ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာစေရမည်။ မလွဲမသွေ လုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည်သည်။ တိုင်းဧရာဒေသကြီးအတွင်းက မွေးရပ်မြေ လေးမျက်နှာ၊ ထာဝရတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ပါစေ။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်