ခန့်ဇော်(ကျေးလက်)
ယနေ့ခေတ်တွင် နိုင်ငံတော်တော်များများ၊ နယ်ပယ်အတော်တော်များ၌ AI ခေါ် ဉာဏ်ရည်တု နည်းပညာရပ်များကို တွင်တွင်ကျယ်ကျယ်အသုံးချလာနေသည်ကို တွေ့ရသည်။ အသုံးပြုရ လွယ်ကူသည့် AI Assistance Apps များလည်း အများအပြားပေါ်ပေါက်လာပြီဖြစ်ရာ အချက်အလက် မှန်သည်၊ မှားသည်အပထား အလွယ်တကူ အသုံးပြုနိုင်လျက်ရှိသည်ကို တွေ့မြင်ရပါသည်။ စဦးပိုင်း အခြေအနေထက်စာလျှင်လည်း အချက်အလက်များ ပိုမိုမှန်ကန်မှုရှိလာသလို အထောက်အကူပြု ကိရိယာတစ်ခုအနေဖြင့် အတော်လေးအားကိုးအားထားပြု၍ ရလာသည်ကိုလည်း တွေ့ရှိရပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပသော တရုတ် - အာဆီယံစိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးပူးပေါင်း ဆောင်ရွက်မှုညီလာခံတွင် AI မျက်မှန်များ အသုံးပြုခြင်း၊ AI လူသားအရင်းအမြစ်ပြခန်း (Artificial Intelligence HR Pavilion ပြခန်း) ထည့်သွင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး AI agentsတွေ၊ စာသားအချက်အလက်အများကြီးကို သင်ယူထားတဲ့ AIမော်ဒယ် (Large Language models)နဲ့ ဉာဏ်ရည်တုစက်ရုပ်များအပါအဝင် AIနည်းပညာထုတ်ကုန်ပေါင်း ၁၂၀၀ခန့် ပြသခဲ့သည်ကို လေ့လာ တွေ့ရှိခဲ့ရပါသည်။ စာရေးသူ၏ တစ်ဦးတည်း ပုဂ္ဂလိကအမြင်အရမူ AIသည် “သုံးတတ်လျှင် ဆေး ဖြစ်ပြီး မသုံးတတ်လျှင် ဘေးဖြစ်စေမည့်အရာ”… သို့သော် ခေတ်နှင့်အညီ အမီ ဖွံ့ဖြိုးဖို့ ကြိုးစား ရာတွင် AIကို ဆေးအဖြစ် အသုံးချတတ်ရန် လိုအပ်ပါမည်။ အထူးသဖြင့် ကျေးလက်ဒေသများ မြို့ပြနှင့်မခြား ဖွံ့ဖြိုးလာစေရေးတွင် AIနည်းပညာအသုံးချနိုင်မှုသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ရှုမြင်မိပါသည်။
ထို့အတူ စာရေးသူ ကိုယ်တိုင်လည်း AIကို စမ်းသပ်အသုံးပြုကြည့်ဖြစ်သည့်အပြင် AIမှ တစ်ဆင့်ပင် AIအကြောင်းကို ထဲထဲဝင်ဝင် လေ့လာကြည့်ဖြစ်သလို “ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍစုံတွင် AIကို ဘယ်နည်းဘယ်ပုံ အသုံးချ၍ရမလဲ”ဆိုသည်မျိုးကစ မေးပြီး ဤဆောင်းပါး ရေးဖြစ် ခဲ့သည်။
AI (Artificial Intelligence) ဆိုတာ ဘာလဲ?
AI(ဉာဏ်ရည်တု)နည်းပညာဆိုသည်မှာ စက်များ(ကွန်ပျူတာများ)ဖြင့်ဖန်တီးထားသည့် လူသား ဉာဏ်ရည်နှင့်တူသော လူသားကဲ့သို့ လုပ်ဆောင်နိုင်သောစွမ်းရည်ကို ဆိုလိုပါသည်။ အဆိုပါဉာဏ်ရည်တု နည်းပညာဖြင့် အချက်အလက်များ၊ ပုံစံများကို သင်ယူမွမ်းမံနိုင်ခြင်း၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ်ချက်များ ချနိုင်ခြင်း၊ ရှုပ်ထွေးသော အခြေအနေများတွင် အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေနိုင်ခြင်း၊ လူတို့၏ဘာသာစကားကို နားလည်ပြီး တုံ့ပြန်နိုင်ခြင်းနှင့် ရုပ်ပုံ၊ ဗီဒီယိုများကို ခွဲခြမ်း စိတ်ဖြာနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
ယေဘူယျအားဖြင့် AIကို General AI (လူသားဉာဏ်ရည်ကဲ့သို့ နေရာစုံတွင် သင်ယူနိုင်စွမ်း ရှိသော AI)နှင့် Narrow AI (အကန့်အသတ်ဖြင့်သာ တိကျစွာအလုပ်လုပ်နိုင်သော AI)ဟူ၍ (၂) မျိုး ခွဲခြားနိုင်ပါသည်။ ထို(၂)မျိုးလုံးတွင် ဒေတာအချက်အလက်များမှတစ်ဆင့် အလိုအလျောက်သင်ယူ တတ်သောစနစ်၊ ပုံများကို မြင်တတ်ခွဲခြားတတ်သောစနစ်နှင့် လူတို့၏ဘာသာစကားအသီးသီးကို နားလည်သောစနစ်များ ပါဝင်ပါသည်။
ကျေးလက်ဖွံ့ဖြိုးရေးနှင့် AI အကြားဆက်နွယ်မှု
AIသည် ကျေးလက်ဒေသများအား ရိုးရာနည်းလမ်းများ သုံးစွဲရင်း ခေတ်နောက်ကျ ကျန်ရစ် နေသည့်အခြေအနေမှ ခေတ်မီတိုးတက်သော နည်းပညာအခြေပြုဖွံ့ဖြိုးမှုဆီသို့ ကူးပြောင်းရန် ကူညီ ပေးနိုင်သည့်အပြင် ပစ္စည်းကိရိယာချို့တဲ့မှု၊ အခြေခံအဆောက်အအုံ နည်းပါးမှုနှင့် လူငယ်ဦးရေ ဆုတ်ယုတ်လာမှုစသည့် ကျေးလက်ဒေသများ၏သဘာဝအရ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန် အကူအညီပေးနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် အဓိကကျသော စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ကဏ္ဍများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက် လာနိုင်စေရန်နှင့် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင်၍ ဒေသအလိုက်လိုအပ်ချက်နှင့် ကိုက်ညီသော ဖြေရှင်းနည်းများ ဖန်တီးနိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်နည်းပညာများကို AIက ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။
AIအသုံးချ စိုက်ပျိုးမွေးမြူရေးကဏ္ဍ
ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင် သည့်အတွက် စိုက်ပျိုးရေးအကြောင်း ဦးစွာမေးဖြစ်သည်။ AIနည်းပညာဖြင့် Smart Agricultureဖြစ်သည့် မြေဆီလွှာအခြေအနေ၊ ရာသီဥတု၊ သီးနှံအခြေအနေများကို ခွဲခြမ်းစိတ်ဖြာ၍ ရေနှင့်ဓာတ်မြေဩဇာ အသုံးပြုမှုကို အချိန်နှင့်တစ်ပြေးညီ ညွှန်ပြပေးနိုင်ခြင်း (ဥပမာ- Droneမှ ရိုက်ကူးထားသောပုံများကို AIက ခွဲခြမ်းပြီး မည်သည့်နေရာတွင် ပိုးမွှားကျနေသည်၊ ရေလိုအပ်နေသည်စသည်ဖြင့် သိရှိနိုင်ခြင်း) တို့ကို ဆောင်ရွက်နိုင်ပါမည်။ မြေဆီလွှာ အခြေအနေခွဲခြမ်းခြင်း၊ ရေသွင်းရေထုတ် အချိန်ညှိခြင်း၊ ပိုးမွှားရောဂါကြိုတင်အသိပေးခြင်း၊ သီးနှံ အထွက်နှုန်း ခန့်မှန်းခြင်း၊ သီးနှံရိတ်သိမ်းချိန် ခန့်မှန်းခြင်း (AI ဖြင့် သီးနှံအထွက်နှုန်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဈေးကွက်ဆီသို့ ထိထိရောက်ရောက်ပို့နိုင်ခြင်း) နှင့် တိရိစ္ဆာန်ကျန်းမာရေး(ကျွဲ၊ နွားများ၏ကျန်းမာရေးအခြေအနေ၊ ကိုယ်အလေးချိန်တိုးတက်မှုတို့ကို စောင့်ကြည့်နိုင်ခြင်း)တို့ကို Droneများဖြင့် လေကြောင်းမှ စောင့်ကြည့်ခြင်း၊ Sensorများ တပ်ဆင် တိုင်းတာခြင်းနှင့် AI အကြံပေးစနစ်များ အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိခဲ့ရ ပါသည်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် AIနည်းပညာအသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် AI နည်းပညာအခြေပြုစနစ် အသုံးပြုခြင်းဖြင့် ရာသီဥတု၊ မြေဆီလွှာအခြေအနေ၊ ရေလိုအပ်ချက်၊ သီးနှံရောဂါရှာဖွေရေးနှင့် သီးနှံအထွက်နှုန်းတို့ကို တိကျစွာ ခန့်မှန်းခြင်း၊ ရေနှင့် ဓာတ်မြေဩဇာ ချွေတာနိုင်ခြင်း၊ အထွက်နှုန်း မြှင့်တင်နိုင်ခြင်း၊ ရောဂါနှင့် ပိုးမွှား များကို စောစီးစွာသိရှိနိုင်ခြင်း၊ သီးနှံပျက်စီးမှုကို လျှော့ချနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရှိရပါသည်။
AI အသုံးချကျေးလက်ကျန်းမာရေးကဏ္ဍ
AI ရောဂါရှာဖွေရေးကိရိယာ (AI Diagnostic Support/ Health Data Analytics - ကျေးလက် ဒေသရှိ ကျန်းမာရေးဝန်ထမ်းများအား AI စနစ်များဖြင့် ရောဂါလက္ခဏာများကို ပိုမိုမြန်ဆန်စွာ ရှာဖွေ ခွဲခြားနိုင်အောင် ကူညီပေးနိုင်ခြင်း၊ အဝေးမှဆေးကုသမှု (Tele medicine)၊ မိုဘိုင်းကျန်းမာရေး Apps၊ ကျေးလက်ဆေးခန်းများအတွက် AIအကူ(ကျေးလက်ဒေသများတွင် ဘာသာစကား အခက်အခဲရှိပါက AIဘာသာပြန်ကိရိယာများက ဆေးညွှန်းများကို ဒေသိယစကားသို့ ပြန်ဆိုပေးနိုင်ခြင်း)၊ လက်ကိုင်ဖုန်း ကင်မရာဖြင့် ရောဂါရှာခြင်း၊ Video Call ဖြင့် ဆရာဝန်ပြခြင်းနှင့် AI Chatbot များဖြင့် အကြံဉာဏ် ရယူခြင်းစသည့် AIအခြေပြု ကျေးလက်ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ကြောင်း လေ့လာ သိရှိရပါသည်။
AI အသုံးချ ကျေးလက်ပညာရေးကဏ္ဍ
နိုင်ငံဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ပညာရေးဟာလည်း အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပါသည်။ “နိုင်ငံ ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသည့် ဆောင်ပုဒ်လည်း ရှိပါသည်။ AI အခြေပြုပညာရေးစနစ်များဖြစ်သည့် e-Learning Platforms၊ AI Tutor Systems (Offline & Online Personalized Learning Path) AI သင်ကြားရေးပလက်ဖောင်းများကို အသုံးပြု၍ ဘာသာစကား သင်ကြားရေး၊ နည်းပညာဆိုင်ရာသင်တန်းများ၊ အခမဲ့အွန်လိုင်းသင်တန်းများကို ပို့ချဆောင်ရွက် နိုင်မည်ဖြစ်ပြီး ဒေသခံဘာသာစကားဖြင့် သင်ယူနိုင်ခြင်း (AI ဘာသာပြန် ဆောဖ့်ဝဲများသည် မြန်မာ ဘာသာစကားမှ တိုင်းရင်းသားဘာသာစကားများသို့လည်းကောင်း၊ အင်္ဂလိပ်စာ သင်ယူရာတွင် လည်းကောင်း အထောက်အကူပြုနိုင်ခြင်း)၊ ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူနိုင်စွမ်းကို အခြေခံ၍ သင့်တော်သောသင်ခန်းစာများကို အလိုအလျောက်ညှိနှိုင်းပေးနိုင်ခြင်း၊ ဆရာ/ ဆရာမများအနေဖြင့် သင်ကြားရေးနှင့်ပတ်သက်သည့်Appများထံမှ အကူအညီရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိ နိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
AI အသုံးချ ကျေးလက်စီးပွားရေးကဏ္ဍ
ကျေးလက်စီးပွားရေးကဏ္ဍတွင်လည်း ကျေးရွာထုတ်ကုန်များအတွက် ဈေးကွက်ရှာဖွေခြင်း၊ ဖြန့်ဖြူးခြင်း၊ AI ဖြင့် ကြော်ငြာစာသား ဖန်တီးခြင်း၊ ကျေးလက်ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း၊ အွန်လိုင်းရောင်းဝယ်ရေးစသည့် AIအသုံးချကျေးလက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
ဒီဂျစ်တယ် ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများဖြစ်သော AI ချေးငွေစနစ် (ကျေးလက် လုပ်ငန်းငယ်များအတွက် ချေးငွေအဆင်ပြေစေခြင်း)၊ မိုဘိုင်း App များမှတစ်ဆင့် ချေးငွေပေးခြင်း (AI ဖြင့် ချေးသူ၏ ယုံကြည်စိတ်ချရမှုဆန်းစစ်ခြင်း)၊ ငွေပေးချေခြင်း၊ ကျေးရွာ အစုအဖွဲ့ငွေကြေးစီမံခန့်ခွဲမှု စသည်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ကျေးလက်စီးပွားရေးကဏ္ဍတွင် AIနည်းပညာအသုံးချခြင်းဖြင့် ကျေးလက်ထုတ်ကုန်များ အတွက် ဈေးကွက်လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာ၍ ထိရောက်သော ရောင်းချမှုနည်းလမ်းများ ညွှန် ပြပေးနိုင်ခြင်း၊ AI အခြေပြု ဈေးကွက်ရှာဖွေရေးကိရိယာများဖြင့် ကျေးလက်ထွက်ကုန်ပစ္စည်းများကို Online မှတဆင့် ရောင်းချနိုင်ရန် ကူညီပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း လေ့လာ သိရှိရပါသည်။
AI အသုံးချ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ
ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတွင်လည်း AIအား နည်းလမ်းမျိုးစုံဖြင့် အသုံးချ နိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။ ကျေးလက်လမ်းများကို GIS mapping ဖြင့် နေရာရွေးချယ်ခြင်း (GIS Mapping & Smart Road Design)၊ Drone imagery ဖြင့် လမ်းအခြေအနေ စောင့်ကြည့်ခြင်း၊ Predictive maintenance ဖြင့် ပြုပြင်ထိန်းသိမ်းမှု ကြိုတင်စီမံနိုင်ခြင်းများ ဆောင်ရွက်နိုင်သကဲ့သို့ ကျေးလက်ရေပေးရေးကဏ္ဍတွင်လည်း AI အခြေခံ ရေစီးဆင်းမှုခန့်မှန်းခြင်း (AI Water Flow Prediction)၊ မိုးရေ စုဆောင်းခြင်းစနစ် (Rainwater Harvesting Optimization)၊ ရေကို အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲပေးပြီး ရေနှင့် စွမ်းအင်ကို ချွေတာကာ အပင်ကြီးထွားမှုကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်သော အလိုအလျောက် ရေပေးသွင်းစနစ် (Smart Irrigation Systems)များကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ AI ဖြင့် ဒရုန်းမှ ရိုက်ကူးထားသော ကျေးလက်လမ်းများ၏ပုံရိပ်များကို ခွဲခြမ်းစိတ်ဖြာ၍ ပြင်ဆင်ရန် လိုအပ်သောနေရာများကို အလိုအလျောက် ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ထို့အတူ ကျေးလက်ရေပေးဝေရေးစနစ်အတွင်း ရေသွင်းရေထုတ်စနစ်၊ ရေလွှဲလမ်းကြောင်းများကို AIဖြင့်စီမံခန့်ခွဲနိုင်မည်ဖြစ်သကဲ့သို့ ကျေးလက်မီးလင်းရေးကဏ္ဍတွင်လည်း ဆိုလာစွမ်းအင်ထုတ်လုပ်မှု စောင့်ကြည့်ခြင်း (Solar Grid Monitoring/ Remote Monitoring)၊ AI အသုံးပြုအလိုအလျောက် ဝန်အားထိန်းညှိခြင်း (AI Load Balancing for Rural Electricity)၊ စွမ်းအင်သုံးစွဲမှု ဆန်းစစ်ခြင်း (Energy Consumption Analytics)တို့ကို ဆောင်ရွက်နိုင်ပြီး ကျေးလက်ဒေသများတွင် လျှပ်စစ် ဓာတ်အား ပိုမိုတည်ငြိမ်ထိရောက်စွာ ဖြန့်ဖြူးနိုင်စေမည့်အကျိုးကျေးဇူးကို ရရှိစေနိုင်ပါသည်။
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် AI အသုံးပြု ကျေးလက်သယ်ယူပို့ဆောင်ရေး (AI- Powered Rural Transportation)၊ လိုအပ်ချက်အပေါ် အခြေခံသောပို့ဆောင်ရေး (Demand- Responsive Transportation-DRT)၊ ဖြန့်ဖြူးရေးနှင့် ကုန်စည်ပို့ဆောင်ရေး စီမံခန့်ခွဲမှု (Logistics & Delivery Management)၊ ကြိုတင်ပြင်ဆင်မှုနှင့် ထိန်းသိမ်းမှု (Predictive Maintenance)၊ ကြိုတင်ပြင်ဆင်မှု နှင့် ထိန်းသိမ်းမှုတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Mobile App များမှတစ်ဆင့် သွားချင်သည့်နေရာကို ကြိုတင်ဘွတ်ကင်လုပ်နိုင်ခြင်း၊ AI စနစ်ဖြင့် ဘတ်စ်ကား/ ယာဉ်ငယ်လေးတွေကို ခရီးသည်ရှိသည့် နေရာကို (Ride-Sharing/ Pooling) တူရာလမ်းကြောင်း ချိန်ညှိပေးနိုင်ခြင်းတို့ကြောင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုလွယ်ကူမြန်ဆန်စေခြင်း၊ ကျေးလက်ထွက်ကုန်များ၏ ဈေးကွက်ရောက်ရှိမှု ပိုမို မြန်ဆန်လာစေခြင်းနှင့် ကျေးလက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေခြင်းနှင့် အရေးပေါ်ဝန်ဆောင် မှုများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
စာရေးသူမှာကား ကျေးလက်ဒေသဖွံ့ဖြိုးရေးကို နှစ်ရှည်လများ တစ်စိုက်မတ်မတ်ဆောင် ရွက်လာခဲ့သူဖြစ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် AIနည်းပညာရပ်များကို တွင်တွင် ကျယ်ကျယ် အသုံးချလာနိုင်စေရန် ကြိုးပမ်းချင်စိတ် ပြင်းပြနေမိပါသည်။
လက်ရှိတွင် စာရေးသူတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်လမ်းများ ဖောက်လုပ်ရာတွင် GIS Mapping စနစ် အသုံးပြုလျက်ရှိသလို ရေရရှိရေးတွင် RWMIS စနစ်ဖြင့် Data ကောက်ယူခြင်း၊ ရေမီတာအတွက် Pre-paid Meter စနစ်အသုံးပြုခြင်း၊ ကျေးလက်မီးလင်းရေးတွင် Smart Meterများ အသုံးပြု၍ Pre-paidစနစ်ဖြင့် ဓာတ်အားခ ကောက်ခံခြင်း၊ Remote Monitoring စနစ်ဖြင့် ဓာတ်အား ထုတ်လုပ်သုံးစွဲမှုအခြေအနေ၊ ဓာတ်အားပေးစနစ်၏လည်ပတ်မှုအခြေအနေတို့ကို စောင့် ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော မြစိမ်းရောင် ကျေးရွာစီမံကိန်း တွင်လည်း MIS စနစ်ဖြင့် Data ကောက်ယူခြင်း၊ Mobile Banking စနစ်ဖြင့် ချေးငွေ ထုတ်ချေးခြင်း၊ အတိုး/ အရင်း ပြန်လည်ကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ခေတ်မီစံပြကျေးရွာ စီမံကိန်း (Smart Village)တွင်လည်း Web App တည်ထောင်ထားရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဈေးကွက်ဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီကြည့်ရှု နိုင်ရန် ဖန်တီးဆောင်ရွက် ပေးထားပါသည်။ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်(Village Development Project)များတွင်လည်း ကျေးရွာ အလိုက် နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်(Annual Village Investment Programme- AVIP)များအား Website တွင် ဖော်ပြထားရှိပြီး သတင်းအချက်အလက်ဖြန့်ဝေသည့်နည်းလမ်းကို အသုံးပြုလျက်ရှိပါသည်။ ဌာနဝန်ထမ်းများ၏ လစာငွေကိုလည်း Mobile Paymentစနစ်ဖြင့် ထုတ်ပေးလျက်ရှိသည့် အပြင် ဌာနတွင်းရှိ ဝန်ထမ်း သက်သာဆိုင်များ၏ရောင်းဝယ်ဖောက်ကားမှုကိုပါ Mobile Payment စနစ်ဖြင့် ရောင်းချဝယ်ယူနိုင် အောင် စီမံထားရှိပါသည်။
အတိုင်းအတာတစ်ခုအထိ Digital အခြေပြု ကျေးလက်ဒေသဖွံ့ဖြိုးရေးဆီ ဦးတည်ဆောင်ရွက် ခဲ့ပြီးဖြစ်သည်။ ဆောင်ရွက်လျက်လည်း ရှိသည်။ Digitalနည်းပညာသည် AI၏အခြေခံဖြစ်ပြီး AI သည် Digital နည်းပညာ၏ အဆင့်မြင့်လက်နက်(Tool)တစ်ခု ဖြစ်သည်။ တိုးတက်ပြောင်းလဲလာသော ခေတ်ကို အမီလိုက်ဖို့ရာ AIကို ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင် စေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ချက်ချင်းလက်ငင်း ဝုန်းကနဲဒိုင်းကနဲ စတင် အကောင်အထည်ဖော်ဖို့ရာလွယ်ကူမည်တော့မဟုတ်။ ထို့ကြောင့် ၅နှစ်စာရှေ့ပြေးစီမံချက်ကို အဆိုပြု တင်ပြနိုင်ဖို့ AI၏အကူအညီဖြင့်ပင် အကြမ်းမျဉ်း ရေးဆွဲကြည့်ဖြစ်သည်။
AI နည်းပညာအသုံးပြု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံ (၂၀၂၅-၂၀၃၀)
၂၀၂၅-၂၀၃၀ အစီအမံ၏ အဓိကရည်ရွယ်ရင်းမှာ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် AI နည်းပညာ ပေါင်းစပ်အသုံးချနိုင်ရန်၊ ရှိပြီးသားရည်မှန်းချက်များကို ဒေတာအခြေပြုဆုံးဖြတ်မှု တိုးတက်အောင်လုပ်ရန်၊ ရေပေးရေး၊ မီး လင်းရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် AI စနစ်အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူတောင်သူများနှင့် MSME များအတွက် AIအခြေပြုကြိုတင်ခန့်မှန်းစနစ်များအသုံးပြုရန်၊ ပညာရေးနှင့် နည်းပညာသင်တန်း ကျောင်း များတွင် AI အသုံးပြုရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ကြိုတင် ခန့်မှန်းချက်များအတွက် AI အသုံးပြုရန်တို့ဖြစ်ပါသည်။
အကောင်အထည်ဖော် ဆောင်ရွက်ရန်အဆင့်များ
လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အဆင့်များမှာ အချက်အလက်စုဆောင်းခြင်း နှင့် ဒီဂျစ်တယ်အခြေခံအဆောက်အဦ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသတွင် AI စနစ် စတင် အသုံးပြုနိုင်ရေးအတွက် ကျေးရွာ၏လိုအပ်ချက်ဆန်းစစ်ခြင်း (စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်များတွင် ရင်ဆိုင်နေရသောအဓိကပြဿနာများ၊ ကျေးရွာ၏ အင်တာနက်အခြေအနေ၊ စမတ်ဖုန်းအသုံးပြုနိုင်မှုစသည့်နည်းပညာအခြေခံအဆောက်အအုံများ ရှိ/မရှိ)၊ ဒေသခံပြည်သူများကို AI အသုံးပြုမှု အခြေခံ နည်းပညာသင်တန်းများပေးခြင်း (ရိုးရှင်းလွယ်ကူသော AIကိရိယာများ၊ ဥပမာ- AIဘာသာပြန်ကိရိယာများ၊ ကျေးလက်ဒေသအတွက် ရာသီဥတုခန့်မှန်းချက်ပေးသော Appများ စတင် အသုံးပြုစေခြင်း)၊ ကုန်ကျစရိတ် သက်သာပြီး ရိုးရှင်းသော နည်းပညာ (Low-tech & Low- cost)ကို ဦးစားပေး ရွေးချယ်ရမည်ဖြစ်ခြင်း၊ ကျေးလက်နေပြည်သူဗဟိုပြုချဉ်းကပ် မှုနည်း လမ်းဖြင့် စုဖွဲ့ပူးပေါင်း ဆောင်ရွက်ခြင်း၊ ပညာရေးအသိုက်အဝန်း၊ သုတေသနအဖွဲ့အစည်းများ၊ NGOsများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ AI အသုံးချမှုများတိုးချဲ့ခြင်း၊ စောင့်ကြည့်စစ်ဆေး ပြန်လည်သုံးသပ်ခြင်းနှင့် ရေရှည် တည်တံ့ခိုင်မြဲစေရေး စီမံဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်
အဆင့်(၁)အနေဖြင့် (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်တွင် ဒေတာအချက်အလက်စုဆောင်းခြင်း နှင့် AI အကြောင်း အသိပညာပေးပြီး စမ်းသပ်ဆောင်ရွက်ခြင်း၊ အဆင့်(၂)အနေဖြင့် (၂၀၂၇-၂၀၂၈) ဘဏ္ဍာရေးနှစ်တွင် AI အသုံးချမှုများ တိုးချဲ့ဆောင်ရွက်ခြင်း၊ အဆင့်(၃)အနေဖြင့် (၂၀၂၉-၂၀၃၀) ဘဏ္ဍာရေးနှစ်တွင် စိစစ်အကဲဖြတ်ခြင်းနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် သုံးသပ်ပြင်ဆင်ဆောင်ရွက်ခြင်း တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေပါမည်။
မျှော်မှန်းရလဒ်များ
မျှော်မှန်းရလဒ်များအနေဖြင့် ကျေးလက်အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ တိုး တက်လာမည်ဖြစ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်နိုင်မှု မြင့်မားလာမည်ဖြစ်ခြင်း၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမီမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင် မှုများ တိုးမြှင့်ခံစားရရှိလာနိုင်မည်ဖြစ်ခြင်း၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုလျှော့ချပေးနိုင်မည်ဖြစ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ခြင်းတို့ မျှော်မှန်းထားပါသည်။
တွေ့ကြုံရနိုင်သည့်စိန်ခေါ်မှုများ
ဒီဂျစ်တယ်ကွာဟချက်အဖြစ် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိမှုနှင့် အင်တာနက် ရရှိ အသုံးပြုနိုင်မှု၊ နည်းပညာပစ္စည်းများ လက်လှမ်းမီမှုတို့တွင် လိုအပ်ချက်ရှိနိုင်ခြင်း၊ AI စနစ်များ ထိရောက်စွာအလုပ်လုပ်နိုင်ရန် လုံလောက်သော ဒေတာအချက်အလက်များ လိုအပ် ချက်ရှိနိုင်ခြင်း၊ AI အသိပညာ (AI literacy)၊ AI နည်းပညာများကို နားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချ နိုင်သည့်အဆင့်သို့ရောက်ရှိရန် လိုအပ်ချက်ရှိနိုင်ခြင်း၊ နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦများပါ ဖြည့်ဆည်းရနိုင်သဖြင့် ကုန်ကျစရိတ်မြင့်မားနိုင်ခြင်းစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ပါသည်။
ဖြေရှင်းမည့်နည်းလမ်း
အထက်ဖော်ပြပါ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကတော့ အင်တာနက် မလိုသော AI ကိရိယာများ (Offline AI Apps)များ အသုံးပြုခြင်း၊ ကျေးလက်နေ ပြည်သူများကိုယ်တိုင် AIအသိပညာ(AI literacy)နှင့် AIနည်းပညာများကို နားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချနိုင်စေရန် သင်ကြားပေးခြင်း၊ AI ကိရိယာများကို ဒေသခံဘာသာစကားဖြင့် အသုံးပြုနိုင်စေရန် ပြင်ဆင်ခြင်း၊ ကျေးလက်ဒေသနှင့် လိုက်လျောညီထွေရှိမည့်ကုန်ကျ စရိတ်သက်သာပြီး ရိုးရှင်းသော နည်းပညာများ ရွေးချယ်အသုံးပြုခြင်းတို့ပဲ ဖြစ်ပါသည်။
သုံးသပ်အကြံပြုချက်များ
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် AIကိုအသုံးချခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ အရည်အသွေးမြင့်မားလာစေရန် ကျေးလက်ဒေသများ၏လိုအပ်ချက်များကို နည်းပညာများဖြင့် ဖြေရှင်းပေးပြီး အမှီအခိုကင်းသော ခေတ်မီလူမှုအသိုက်အဝန်းတစ်ရပ် ဖော်ဆောင်ပေးခြင်းနှင့် ကျေးလက် ဒေသများ၏ရေ၊ မြေ၊ လုပ်သားအင်အားစသည့်အရင်းအမြစ် နည်းပါးမှုတို့ကို နည်းပညာအသုံးပြု၍ ကောင်းစွာစီမံနိုင်ခြင်းတို့ကြောင့် AIသည် ကျေးလက်ဒေသများအတွက် ကြီးမားသော အခွင့်အလမ်း တစ်ရပ်ဖြစ်ပါကြောင်းနှင့် ကျေးလက်စီးပွားရေးကို မြှင့်တင်နိုင်ရန် AI နည်းပညာကို အသုံးချ ဆောင် ရွက်သင့်ကြောင်း သုံးသပ်မိပါသည်။ သို့ရာတွင် AIနည်းပညာအသုံးချမည်ဆိုပါက အချက်အလက် စီမံကွပ်ကဲမှု(Data Governance)၊ ကျင့်ဝတ်ဆိုင်ရာ (Privacy & ethical)၊ AI Guideline များ စနစ်တကျ ချမှတ်ထားရှိရန် လွန်စွာအရေးကြီးပါသည်။
ကျေးလက်ဖွံ့ဖြိုးရေးတွင် AI နည်းပညာကို အောင်မြင်စွာအသုံးချနိုင်ရန် အဓိကအချက် (၃) ချက်မှာ-
(၁) ကျေးလက်နေပြည်သူကို ဗဟိုပြုသည့်ချဉ်းကပ်ခြင်း - ဒေသခံများ၏ပါဝင်ဆွေးနွေးမှုနှင့် ၎င်းတို့၏လိုအပ်ချက်များကို နားထောင်၍ ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး နိုင်ရေးအတွက် အထောက်အကူပြုစေမည့် AI နည်းပညာများကို အသုံးချရန်၊
(၂) ရေရှည်တည်တံ့သောစီမံကိန်းဒီဇိုင်းဖြစ်ရန် လိုအပ်ခြင်း - စတင်အကောင်အထည် ဖော်သည့်အဆင့်တွင်သာမက ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မည့် ရင်းနှီး မြှုပ်နှံမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုကို ကြိုတင်စဉ်းစားထားရှိရန်၊
(၃) သက်ဆိုင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း - အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေး အဖွဲ့အစည်းများနှင့် ကျေးရွာသူကျေးရွာသားများ အားလုံးပါဝင်သော Cross Functional AI Council(ကဏ္ဍစုံ AIကော်မတီ)ကိုဖွဲ့စည်း၍ ညှိနှိုင်းဆောင်ရွက်သွားရန်တို့ဖြစ်ပါသည်။
သတိပြုရှောင်ကြဉ်ရန်အချက်များ
AI နည်းပညာကို အသုံးပြုကြရာတွင် သတိပြုရှောင်ကြဉ်အချက်များမှာ AI နည်း ပညာသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် စွမ်းအားကောင်းသောကိရိယာတစ်ခုဖြစ်သော်လည်း ၎င်းကို သတိ ရှိရှိ၊ စနစ်တကျ၊ ကျင့်ဝတ်နှင့်အညီအသုံးချရန် အထူးအရေးကြီးပါသည်။ ဒေတာအချက်အလက်များ ဖြည့်သွင်းရာတွင် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ ဒေသခံများ၏ကိုယ်ရေးအချက်အလက်များ မပါရှိစေရေး သတိပြုကာကွယ်ရန်၊ ဒေတာ စုဆောင်းမှုနှင့် အသုံးချမှုအပိုင်းတွင် လုံခြုံရေးသတိ အမြဲရှိရန် လိုအပ်ပြီး AIစနစ်များသည် မှားယွင်းသော/ အန္တရာယ်ရှိသော အကြံပြုချက်များ ပေးနိုင်သဖြင့် ဖြစ်တန်စွမ်းအားကို ဉာဏ်ဖြင့်ယှဉ်၍ စဉ်းစားသုံးသပ်ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ AIစနစ်များအပေါ် မှီခိုမှု များပြားလာပါက လူသားတို့၏တွေးခေါ်ကြံဆနိုင်မှု စွမ်းရည်ကျဆင်းလာ နိုင်သဖြင့် အလွန်အမင်းမှီခိုမှုမပြုဘဲ အထောက်အကူပြုကိရိယာတစ်ခုအဖြစ်သာ အသုံးချသင့်ပြီး ကျေးလက်ဒေသများဖွံ့ဖြိုးရေးတွင်မူ AIအသုံးချနည်းပညာကဏ္ဍ ဖွံ့ဖြိုးလာစေရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်