Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် တက္ကသိုလ် (၁၄) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်း


16 Jan,2026

သန်လျင်၊ ဇန်နဝါရီ ၁၆
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် “တက္ကသိုလ် (၁၄) နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ” အခမ်းအနားကို  ၁၅-၁-၂၀၂၆ ရက်နေ့ နှင့် ၁၆-၁-၂၀၂၆ ရက်နေ့တို့တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနား၌ ပါမောက္ခချုပ်မှ အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့တက္ကသိုလ်အနေဖြင့် တက္ကသိုလ်စတင်တည်ထောင်ခဲ့သည့်    ၂၀၁၂ခုနှစ် မှစတင်၍ “အမျိုးသားရေးစိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ်အခြေခံရှိပြီး လူမှုစီးပွားရေး အထောက်အကူပြု လူမှုစီးပွားပညာတတ် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင် သော နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖြစ်လာစေရန်” ရည်ရွယ်ချက်ထားရှိ ဆောင်ရွက်ခဲ့ပါကြောင်း၊ တက္ကသိုလ် စတင်တည်ထောင်ခဲ့သည့် ကာလမှစတင်၍ တက္ကသိုလ်၏အဓိက ပင်မလုပ်ငန်းတာဝန်များ ဖြစ်သည့် သင်ကြားရေး၊ သင်ယူရေး၊ သုတေသနပြုလုပ်ရေးနှင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ အစပိုင်းကာလတွင် တက္ကသိုလ် ၌ တက်ရောက်သင်ကြားကြသော ကျောင်းသား၊ ကျောင်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကို ဦးတည်သည့် တက္ကသိုလ်အဖြစ် စိတ်ကူးပုံဖော်ပြီး ပါမောက္ခချုပ် အဆက်ဆက်တွင် ကြိုးစားဆောင်ရွက် ခဲ့ကြပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုဦးတည်သည့် တက္ကသိုလ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်ကာလတွင် သင်ကြားပို့ချသည့် ဘာသာရပ်များကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချ နိုင်သည့် သီအိုရီနှင့် လက်တွေ့လုပ်ဆောင်နိုင်သည့် ဘွဲ့ဒီဂရီပရိုဂရမ်များအဖြစ် ဖန်တီးခဲ့ကြပါကြောင်း၊ ထို့ပြင် နှစ်စဉ်နှစ်တိုင်း “အလုပ်အကိုင်အခွင့်အလမ်းပြပွဲ” များကို တက္ကသိုလ် အဖြစ်စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်၍ ပါမောက္ခချုပ်အဆက်ဆက်တွင် စဉ်ဆက်မပြတ် ခမ်းနားစည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယခုအခါတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ကျောင်းသား၊ ကျောင်းသူများက ရွေးချယ်ရသည့် အနေအထားအဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း အလုပ်အကိုင် အခွင့်အလမ်းရရှိမှုနှင့် ပတ်သက်ပြီး သုတေသနဆောင်ရွက်ခဲ့သည့် အခါတွင်လည်း မိမိတက္ကသိုလ် ကျောင်းဆင်းများ၏ ၈၅ ရာခိုင်နှုန်း သည် အလုပ်အကိုင် အခွင့်အလမ်းများရရှိခဲ့ကြပြီး ၁၅ ရာခိုင်နှုန်းသည် မိမိတို့၏ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူများ၊ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်နေသူများ နှင့် ဆက်လက်ပညာသင်ကြားနေသူများဖြစ်ကြောင်း သုတေသနရလဒ်များအရသိရှိခဲ့ရပါကြောင်း၊ မိမိတို့တက္ကသိုလ် အနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ ဘွဲ့ရပညာတတ်များ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့် လူမှုစီးပွားရေး ကဏ္ဍများတွင် အသုံးဝင်သော လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ရပ်တည်လာခဲ့သည်မှာ ၁၄နှစ်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ Job-Oriented University မှ Research-Oriented University အဖြစ် ရပ်တည်ရန်အတွက်လည်း မိမိတို့တက္ကသိုလ် အနေဖြင့် ၂၀၁၂ခုနှစ် မှစတင်၍ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ သုတေသနဆိုသည်မှာ တက္ကသိုလ်တစ်ခု၏ အသက်သွေးကြောဖြစ်ပြီး သုတေသနမရှိသော တက္ကသိုလ်သည် အမြစ်မရှိသော သစ်ပင်နှင့်တူပါကြောင်း၊ ယနေ့ခေတ်တွင် ပညာရေးသည် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုသာ ကန့်သတ်ထားသည်မဟုတ်ဘဲ အရည်အသွေးမြင့်ပညာရေး Quality Education နှင့် သုတေသနအခြေပြု ပညာရေး Research-Based Education တို့ကိုအလေးထား ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း တက္ကသိုလ်အဆင့် သုတေသနစာတမ်းဖတ်ပွဲများ၊ ဝန်ကြီးဌာန အဆင့် သုတေသနစာတမ်းဖတ်ပွဲများနှင့် နိုင်ငံတော်အဆင့် သုတေသနစာတမ်းဖတ်ပွဲများကို အရှိန်အဟုန်မြင့် တွန်းအားပေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုအနေအထားမျိုးတွင် မိမိတို့တက္ကသိုလ်အနေဖြင့်လည်း သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများအနေဖြင့် သုတေသန လုပ်ကိုင်ရသည်ကိုပျော်မွေ့ပြီး သုတေသနဆိုင်ရာလုပ်ငန်းများတွင် ထူးချွန်မှုရှိလာခြင်း၊ အရည်အသွေး ပြည့်မီသည့် သုတေသနများကို တစိုက်မတ်မတ် ဆောင်ရွက်လာနိုင်ခြင်း၊ သုတေသနရလဒ် ကောင်းများမှ တဆင့် ကျောင်းသား၊ ကျောင်းသူများ အတွက် တန်ဖိုးမဖြတ်နိုင်သော အဆင့်မြင့်ပညာရပ်များကို လေ့လာ သင်ယူနိုင်ပြီး ကောင်းမွန်သော သင်ကြား၊ သင်ယူမှုပညာရပ်ဝန်းတစ်ခု ဖော်ဆောင်နိုင်ရန်အတွက် ၂၀၁၂ခုနှစ်မှစတင်ပြီး ပါမောက္ခချုပ် အဆက်ဆက် တွန်းအားပေးဆောင်ရွက်ခဲ့သည်ကို ဂုဏ်ယူစွာဖြင့် ပြောကြား လိုပါကြောင်း၊ ဆက်လက်၍ ယနေ့ခေတ်တွင် သုတေသနလုပ်ဆောင်ခြင်းသည် အရည်အသွေးမြင့်ပညာရေးကို အာမခံပေးနိုင်သည့် အဓိကအချက်ဖြစ်သောကြောင့် မိမိတက္ကသိုလ်အနေဖြင့်  အရည်အသွေးအာမခံ မှုရရှိစေရန် AUN-QA အဖွဲ့အစည်း၏ ပရိုဂရမ်အဆင့် အကဲဖြတ်စစ်ဆေးမှု စံနှုန်းများနှင့် အမျိုးသား ပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ၏ သတ်မှတ်ချက်စံနှုန်းအတိုင်း ရရှိရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနကိုအခြေခံသည့် သင်ကြားပို့ချမှုကို တက္ကသိုလ်အနေဖြင့် ရည်ရွယ်ချက် ထားဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၏ စူးစမ်းလေ့လာနိုင်စွမ်း၊ အတွေးအခေါ် ခိုင်မာမှု၊ ဆန်းသစ်တီထွင်လိုသော စိတ်ဓါတ်များကို အားကောင်းစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ အသိအမှတ်ပြုမှု International recognition နှင့် တက္ကသိုလ် ISP အဆင့်သတ်မှတ်ချက် University Ranking များသည် သုတေသနစာတမ်းများ၊ နိုင်ငံတကာ ဂျာနယ်များရေးသားထုတ်ဝေနိုင်မှုနှင့် Citation များကို အဓိကအကဲဖြတ်ချက်များအဖြစ် အသုံးပြုလျက်ရှိသောကြောင့် တက္ကသိုလ်အနေဖြင့် International Publication များလုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာတက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများဖြင့် MOU လက်မှတ် ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့် သုတေသနကို တက်ကြွစွာ ဆောင်ရွက်နိုင်သော တက္ကသိုလ်တစ်ခုဖြစ်သည့်အားလျော်စွာ အရည်အသွေးမြင့်ပညာရေးကို ပံ့ပိုးနိုင်ပြီး နိုင်ငံတကာအဆင့်ယုံကြည်စိတ်ချရသော တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ မိမိတို့ တက္ကသိုလ်မှ ဖတ်ကြားတင်သွင်းခဲ့သည့် စာတမ်းများသည် လူမှုအသိုင်းအဝိုင်း၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့်အချက်အလက်များကို ပံ့ပိုးပေးနိုင်မည်ဟု အလေးအနက် ယုံကြည်မိ ပါကြောင်း၊  အမိတက္ကသိုလ်၏ ယုံကြည်ချက်သည် သင်ယူမှုသည် အောင်မြင်မှုအတွက်သာမဟုတ်ဘဲ ပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိသော ဘဝတစ်ခုကိုတည်ဆောက်နိုင်ရန်ဖြစ်ပါကြောင်း၊ “သင်ယူမှုသည် ပျော်ရွှင်ပြီး ပြည့်စုံသောဘဝသို့ ဝင်ရောက်နိုင်ရန်ဖွင့်ပေးသော သော့ချက်ဖြစ်သည်” ဆိုသော စကားအတိုင်း သင်ယူခြင်းကို ပျော်ရွှင်စွာ လက်ခံနိုင်ပါက အသိပညာသည် ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘဲ ဘဝကို လမ်းပြပေးနိုင်သော အလင်းရောင် ဖြစ်လာနိုင်မှာဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို စကား လက်ဆောင်အဖြစ် ၁၉၂၃ခုနှစ် နိုဘယ်စာပေဆုရရှိခဲ့သူ အိုင်ယာလန်နိုင်ငံမှ နာမည်ကြီးစာရေးဆရာ၊ ကဗျာဆရာ William Bulter Yeats ၏ “Education is not the filling of a pail, but the lighting of a fire” ပညာရေးဆိုတာ အိုးတစ်လုံးထဲမှာ ထည့်သွင်းထားရမယ့်အရာမဟုတ်ပါဘူး၊ မိမိတို့ရဲ့ စိတ်သန္တန်မှာ ထွန်းညှိထားတဲ့ မီးတောက်တစ်ခုဖြစ်တယ် ဆိုသော စကားနှင့်အညီ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိ၏ စိတ်သန္တန်တွင် ထွန်းညှိထားသောဉာဏ်ပညာအလင်းရောင်ဖြင့် မိမိတို့၏ အသိုက်အဝန်း၊ မိမိတို့၏ တက္ကသိုလ်၊ မိမိတို့၏ဝန်ကြီးဌာန နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်သူများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြပါဟု ပြောကြားခဲ့ပါသည်။ 
ယနေ့ကျင်းပပြုလုပ်သည့် သုတေသန စာတမ်းဖတ်ပွဲ၏ ဆောင်ပုဒ်မှာ “Research for Community Well-Being and Sustainable Futures” ဖြစ်ပြီး ၁၅-၁-၂၀၂၆ ရက်နေ့တွင် စာတမ်း (၁၀)စောင်နှင့် ၁၆-၁-၂၀၂၆ ရက်နေ့တွင် စာတမ်း (၉)စောင် ဖတ်ကြားခဲ့ရာ မိမိတို့တက္ကသိုလ်၏ သင်ကြားရေးဌာန(၁၁)ဌာနမှ စာတမ်း (၁၇)စောင် ဖတ်ကြားခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ် (စာရင်းအင်းပညာဌာန)မှ စာတမ်း (၁)စောင် နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ စာတမ်း (၁)စောင် စုစုပေါင်း စာတမ်း (၁၉)စောင် တင်သွင်းဖတ်ကြားခဲ့ပါသည်။ ယနေ့တင်သွင်းဖတ်ကြားသော စာတမ်းများတွင် နိုင်ငံတော်နှင့်ဒေသ ဖွံ့ဖြိုးရေးအကျိုးပြု သုတေသနစာတမ်း(၇)စောင်၊ အဖွဲ့အစည်းအကျိုးပြု သုတေသနစာတမ်း(၆)စောင်နှင့် ဘာသာရပ်အကျိုးပြု သုတေသနစာတမ်း (၆)စောင် တို့ကို ဖတ်ကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ စာတမ်းဖတ်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဆရာ၊ ဆရာမများ၊ ပထမနှစ်နှင့် အထူးပြုဘာသာရပ် အသီးသီးမှ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာတန်း ကျောင်းသား၊ ကျောင်းသူများသည် Session အလိုက် (၅၀၀)ဦးစီခန့်ဖြင့် စုစုပေါင်း (၂၀၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး သုတေသနဘာသာရပ် နယ်ပယ်အလိုက် သဘာပတိပြင်ပပညာရှင် ဆရာကြီး၊ ဆရာမကြီးများအဖြစ် အငြိမ်းစားပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများနှင့် ဧည့်ပါမောက္ခများ၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်တို့မှ ပါမောက္ခ ဆရာမကြီးများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခ (ဌာနမှူး)များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်