Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လှည်းကူးမြို့နယ်အတွင်းမှ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ်


26 Jan,2026

နေပြည်တော် ဇန်နဝါရီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်း အရှည် (၃) မိုင် (၄.၅) ဖာလုံအနက် ကျန်ရှိနေသည့် ပေ (၃၉၀၀) ကွန်ကရစ် ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လမ်း အသုံးပြုမှုအခြေအနေ၊ ဌာနမှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးခဲ့မှုများနှင့် ကျေးရွာအုပ်စု အတွင်းမှ ကျေးရွာပေါင်း (၅) ရွာ၊ စိုက်ပျိုးမြေဧက (၁၁၃၁) ဧကနှင့် လူဦးရေ (၁၂၃၃၄) ဦးတို့အား အကျိုးပြုမည့်အခြေအနေများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝါးယားကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည် (၂) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ တိုင်းဒေ သကြီး ဦးစီးမှူး၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေ ရရှိရေးနှင့် ဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယခင်ခရီးစဉ်လမ်းညွှန်ချက်များအပေါ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အခြေခံ ပညာမူလတန်းကျောင်း ခြံစည်းရိုး အရှည် (၇၇၉) ပေ၊ အမြင့် (၅) ပေ အုတ်တံတိုင်းကာရံထားမှုကို လည်းကောင်း၊ ကျေးရွာသောက်သုံးရေရရှိရေးအတွက် ရေဂါလံ (၂၄၀၀) ဆံ့ အမြင့်တင်ရေစင် တည် ဆောက်ထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းဘက်စုံဖွံ့ဖြိုးရေး တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမကောလိပ်(ဖောင်ကြီး)သို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ ကွန်ပျူတာခန်းအား ကြည့်ရှုစစ်ဆေးကာ စဉ်ဆက် မပြတ် လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာစနစ်တပ်ဆင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ရတနာပုံအဆောင်သို့ သွားရောက်ကာ အဆောင်နေ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေး ပညာတတ် များဖြစ်အောင်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ ပေါင်းကူးတက်ရောက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်း သားကျောင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်အတွင်းမှ မြေပဲနှင့် နွေစပါး စိုက်ပျိုး သည့် သမဝါယမအသင်း (၃) သင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ ရာတွင် တိုင်းဒေသကြီး သမဝါယမဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည့်စုံချမ်းသာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ များအတွက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် သက်တံ့ရောင်သမဝါယမစီမံကိန်း ရန်ပုံငွေတို့ဖြင့် အထွက်တိုး မျိုးနှင့် သွင်းအားစုများကို သီးနှံ ပေါ်ပေးစနစ် ပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသော သီးနှံများကို အသင်းပိုင်ဆန်စက်၊ ဆီစက်များဖြင့် ပြန်လည်ဝယ်ယူ ကြိတ်ခွဲပေးခဲ့ပါကြောင်း၊ အသင်းသားတောင်သူများကလည်း စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်တိုး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက် ပျိုးရန်လိုအပ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားထားသော မျိုး၊ မြေ၊ ရေ၊ နည်းစသည့် စိုက်နည်း စနစ်များအတိုင်း စနစ်တကျ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ သို့မှသာ အသင်းသားတောင်သူများ၏ ဝင်ငွေတိုးပွားလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝ မြင့်မားနိုင်မည် ဖြစ်ကြောင်း၊ ကျေးရွာဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အခြားဌာနများနှင့် လည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလေးထား မှာကြားလိုသည်မှာ နိုင်ငံတော်ထံမှ ချေးယူထားသည့် ချေးငွေများ အပြေအကျေ ပြန်လည်ပေးဆပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဒေသခံပြည်သူများနှင့် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာနှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်အတွင်းမှ မြေပဲနှင့် နွေစပါးစိုက် သမဝါယမအသင်း (၃) သင်းအတွက် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်