Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


02 Feb,2026

နေပြည်တော် ဇန်နဝါရီ ၃၀

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကော့လှကျေးရွာသို့ သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ကာ မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသား များ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် ခေတ်မီ စံပြကျေးရွာ စီမံကိန်းလုပ်ငန်းများဖြစ်သော ကျေးရွာတွင်းလမ်းပေါ်တွင် Box Culvert (၂) စင်း တည် ဆောက်ပြီးစီးမှု၊ (၁၂၃၈) ပေ အုတ်စီရေမြောင်းနှင့် လမ်းပခုံးဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မုဒုံမြို့နယ်သမဝါယမအသင်းစုရုံးသို့ သွားရောက်၍ မြို့နယ် အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၃) မှ အသင်းသားတောင်သူများ၊ အသင်းအမှု ဆောင်များနှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးသမဝါယမအသင်းများမှ အသင်းသားတောင်သူများ အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသင့်တင့်သည့် မြေဩဇာများ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းသားတောင်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးအတွက် သီးနှံပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်နည်းစနစ်များနှင့်အညီ ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း ဖြင့် တိုက်တွန်းမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မုဒုံမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသော ဒေါ်တင်နွဲ့ရီ၏ ရက်ကန်းရုံနှင့် အရောင်းဆိုင်တို့အား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အသေးစားစက်မှုူလက်မှုလုပ်ငန်းဦးစီးဌာန၏ မုဒုံမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းအုပ်ကြီး၊ နည်းပြဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် လက်ရက်ကန်း (၆)လ သင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင် (၁) နှစ် သင်တန်း တက်ရောက်နေကြသော သင်တန်းသူလေးများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး သင်တန်းသူများ ရက်လုပ်ထားသော ရက်ကန်းထည်လက်ရာများကို အားပေးကြည့်ရှုခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်