Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲသို့ တက်ရောက်အားပေး လယ်ဝေးမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


02 Feb,2026

နေပြည်တော် ဇန်နဝါရီ ၃၀

      (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမင်းနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၆)၊ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်းအမှုထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပါသည်။

      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန (၄) ခုတို့မှ ပြိုင်ပွဲဝင်အသင်းများ၏ ထမင်းနဲထိုး ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး ဌာနတွင်း စည်းလုံး ညီညွတ်မှုရှိစေရန်၊ ရာသီအလိုက် ရိုးရာပွဲကို တန်ဖိုးထားမြတ်နိုးတတ်စေရန်နှင့် ဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားပေးမြှင့်တင်ရေးအတွက် ယခုကဲ့သို့ ပြိုင်ပွဲကျင်းပခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စည်လုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားပါသည်။

      ယင်းနောက် ထမင်းနဲထိုးပြိုင်ပွဲတွင် ဆုရရှိကြသည့် ဦးစီးဌာနအသင်းများအား ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်သည်။

     အဆိုပါ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် ထမင်းနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံးအသင်းမှ ထမင်းနဲ (၇) ဒယ်၊ သမဝါယမဦးစီးဌာန အသင်းမှထမင်းနဲ(၁၂)ဒယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းမှ ထမင်းနဲ(၃)ဒယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသင်းမှ ထမင်းနဲ(၆)ဒယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအသင်းမှ ထမင်းနဲ (၈) ဒယ်၊ စုစုပေါင်း ထမင်းနဲ (၃၆) ဒယ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

      နေ့လယ်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာရှိ ဒို့မြန်မာသမဝါယမ အသင်းနှင့် ကြံတိုင်းအောင်သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စပ်မျိုးနွားကောင်ရေ (၄၇၂)ကောင် မွေးမြူထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက နွားစာအတွက် ဖြည့်စွက်စာများဖြစ်သည့် ပြောင်း၊ ဟင်းနုနွယ်မြက်နှင့် နေဗီယာမြက်များ တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း၊ ဒါမှသာ အစာအတွက် ကုန်ကျစရိတ်သက်သာပြီး ပိုမိုအကျိုးရှိမှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး နေဗီယာမြက် စိုက်ပျိုး ထားရှိမှု အခြေအနေများ၊ ဝန်ထမ်းအိမ်ဆောင်နှင့် ရုံးခန်းများ တည်ဆောက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ မြွေရိုး ကျောင်းစုကျေးရွာ အုပ်စု၊ ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်ပိုင်မြေပေါ်တွင် ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် မျိုးဇမ္ဗူကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းမှ ကြက်ခြံတည်ဆောက် နိုင်ရေး မြေနေရာရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ခေတ်ရှေ့ဆောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းနှင့် လယ်ယာသုံးစက်ပစ္စည်း အသစ် တပ်ဆင်/ အဟောင်းပြုပြင်အလုပ်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်