နေပြည်တော် ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ လျက် ပုသိမ်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက် ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများ၊ သင်တန်းကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် သင်တန်းကျောင်းအုပ်ကြီးတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ် ဆက်၍ အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမ စိုက်ပျိုးမွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သမဝါယမအသင်း သားများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အသင်းသားတောင်သူ များ လိုအပ်သည့် အထွက်တိုး မျိုးနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးလျက်ရှိပြီး စိုက်ပျိုးရာသီအချိန်မီ တောင်သူများ လက်ဝယ်ရောက်ရှိရေး တာဝန်ရှိသူ များက စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြဆရာ၊ ဆရာမ များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမ စီးပွားရေးပညာတတ်များဖြစ်အောင် မွေးထုတ်ပေးနိုင်ရေး သင်ကြားပို့ချပေးရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ သင်တန်းသားသင်တန်းသူများကလည်း သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းမှတဆင့် သမဝါယမကောလိပ်(ဖောင်ကြီး / မန္တလေး)၊ သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း/ မန္တလေး) သို့ ပေါင်းကူးတက်ရောက်နိုင်ရေး ကြိုးပမ်း လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံချိန်၊ကျောင်း ဆင်းများ လုပ်ငန်းခွင်ဝင်ရောက်ချိန်တို့တွင် စိုက်ပျိုးမွေးမြူရေး အသင်းသားတောင်သူများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားသင်တန်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာသို့ သွားရောက်၍ ပေါက်ကုန်း လယ်ယာနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဖုန်းမြင့်၏ လယ်မြေ (၂) တွင် ဗော်လ်ကန် (Vulkan) ရုရှားနေကြာမျိုးနှင့် အခြားလယ်မြေ (၂) ဧကတွင် အစ်ပိုလစ် (Ippolit) ရုရှားနေကြာမျိုး၊ အသင်းသားတောင်သူ ဦးဝင်းလှိုင်၏ လယ်မြေ (၃) ဧကတွင် မာ့ဟ်ဟွန်း ကေအယ်လ်ပီ (Makhaon KLP) ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးထားမှုနှင့် ပျားမွေးမြူရေးပုံးများ၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အိမ်မဲမြို့နယ်၊ ကညွတ်ကွင်းကျေးရွာအုပ်စု၊ ဝါးရုံစု ကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာ တွင်းလမ်း အရှည် ပေ (၁၂၀၀) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ကွန်ကရစ်လမ်း သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ကျေးရွာအဝင်လမ်းနှင့် ကညွတ်ကွင်းကျေးရွာသို့ ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းပေးနိုင်ရေး တင်ပြချက်များအပေါ် လာမည့်ဘဏ္ဍာနှစ်များတွင် လျာထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျေးရွာရှိ ဝါးရုံစု စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်အောင်၏ လယ်မြေ (၃) ဧကတွင် ဗော်လ်ကန် (Vulkan) ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူ များ လိုအပ်သည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အသင်းသားတောင်သူများက မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ် များနှင့်အညီ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ စနစ်တကျအသုံးပြု၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းစိုက်ပျိုးကြရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အရှည် (၁ မိုင် ၆ ဖာလုံ) ရှိ ပဆငလမ်းမကြီးမှ သဲကုန်း၊ ကျုံ့တုန်း၊ သပြုကုန်း၊ ကြာဖြူကျေးရွာများသို့ ဆက်သွယ်သော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း ဆောင်ရွက်ပေးခြင်းဖြင့် ပတ်ဝန်းကျင်ရှိ ကျေးရွာ ပေါင်း (၁၂) ရွာမှ အိမ်ခြေ (၄၇၅) အိမ်၊ လူဦးရေ (၁၆၃၂) ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များကို အကျိုးပြုပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်