Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက်မှာကြား


27 Feb,2026

နေပြည်တော် ဖေဖော်ဝါရီ ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ” လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ အစိုးရအဖွဲ့ရုံး၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်တစ်ရပ်ဖြစ် သည့် “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူးရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro - based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” နှင့်အညီ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာပြီး ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေ ရရှိရေး၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်းများ အထောက်အပံ့ရရှိရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရင်း အနှီး၊ အထွက်တိုးမျိုးနှင့် သွင်းအားစုရရှိရေး စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို အလေးအနက်ထား၍ ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေ ခံပြီး ဈေးနှုန်းသက်သာ၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ ဒေသ တစ်ခုထုတ်ကုန်တစ်ခု ပေါ်ထွန်းလာစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှတစ်ဆင့် အသေး စား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသို့ ချဲ့ထွင်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချလာနိုင်စေရန်၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ထုတ်လုပ်လာစေရန်နှင့် မိသားစုဝင်ငွေ တိုးတက်ရရှိလာစေရန် ရည်ရွယ်၍ ဝင်ငွေတိုးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင် ဆောင် ရွက်ခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း (၁၅၁) ရွာမှ လုပ်ငန်း ရှင် (၇၅၅) ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း (၁၉၃) ရွာမှ လုပ်ငန်းရှင် (၉၆၅) ဦးအတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်နိုင်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင် သည်အထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာလည်း နေပြည်တော်အတွင်းရှိ ကျေးရွာပေါင်း (၁၅) ရွာ အပါအဝင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာပေါင်း (၁၉၇) ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ထူထောင်ပေးခဲ့သည့် လုပ်ငန်းရှင်များ  အမှန်တကယ် လုပ်ဆောင်မှုရှိ/ မရှိ၊ အောင်မြင်မှုရှိ/မရှိကိုလည်း တာဝန်ရှိသူများက စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်လျက် ရှိပါကြောင်း၊

ပြည်တွင်းလိုအပ်ချက် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှုအစား ပြည်တွင်း MSME များဖြင့် လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ရမှာဖြစ်ပြီး အသေးစားလုပ်ငန်း ရှင်များ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးနေခြင်းသည် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးကို များစွာအထောက်အကူပြုလျက် ရှိပါကြောင်း၊ ကုန်ထုတ်လုပ်ငန်းများသည် အရေးပါသည့်ကဏ္ဍ တစ်ရပ်ဖြစ်ပြီး လုပ်ကိုင်နေသူများက ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို စွန့်ဦးတီထွင်မှုဖြင့် ထုတ်လုပ်ကာ ဈေးကွက်ထိုးဖောက်အောင်မြင်ရေး ကြိုးစားဆောင်ရွက်ကြရန်ဖြင့် တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေး လက်နေပြည်သူများ ဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဥတ္တရသီရိမြို့နယ်မှ သင်တန်းသား(၅) ဦးအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပျဉ်းမနား မြို့နယ်မှ သင်တန်းသား(၅) ဦးအတွက် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ဒုတိ ယဝန်ကြီးက ဇမ္ဗူသီရိမြို့နယ်မှ သင်တန်းသား (၂) ဦးအတွက် ရေခဲမုန့်စက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်(၁)က ဇမ္ဗူသီရိမြို့နယ်မှ သင်တန်းသား (၂) ဦးအတွက် Freezer များကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်(၂)က ပျဉ်းမနားမြို့နယ်မှ သင်တန်းသား(၁)ဦးအတွက် Freezer ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်(၄)က ဇမ္ဗူသီရိနှင့် ပျဉ်းမနားမြို့နယ်တို့မှ သင်တန်းသား (၃) ဦးအတွက် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းသုံး ဗူးပိတ်စက်များကို လည်း ကောင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးက ဇမ္ဗူသီရိနှင့် ပျဉ်းမနားမြို့နယ်တို့မှ သင်တန်းသား (၃) ဦးအတွက် ရေခဲကြိတ်စက်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကား ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးချုပ် ရုံးအမှတ် ၃၆-B သို့ သွားရောက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံပြီး  ပြည်ထောင်စုဝန်ကြီး က နိုင်ငံ့လူဦးရေ၏ ၆၉ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသမှာ နေထိုင်ကြပြီး အဆိုပါလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေး၊ သစ်တောနှင့် သားငါးကဏ္ဍတို့မှာ တိုက်ရိုက်အသက်မွေးဝမ်းကျောင်း ပြုနေကြသည့်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက် ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အခြေခံမှစ၍ မြှင့်တင်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုပြီး ကျေးလက်နေပြည်သူများ တိုက်ရိုက်အကျိုးရရှိစေနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန် လိုအပ် ပြီး မိမိတစ်ဖွဲ့တည်းဆောင်ရွက်၍ မရနိုင်တာကြောင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်အဝဖြင့် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ပင်မလုပ်ငန်းတာဝန်များဖြစ်သည့် သမဝါယမဖွံ့ဖြိုးရေး၊ အသေးစားစက်မှု လက်မှုလုပ်ငန်း၊ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများမှာ ငွေကြေးအပါအဝင် သွင်းအားစုများထောက်ပံ့ပေးခြင်းနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း စသည်တို့ကို သက်ဆိုင်ရာဌာနများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လည်း နိုင်ငံတော်ရဲ့ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ အထောက်အပံ့ကောင်း ဖြစ်စေရန် အတွက် ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ကုန်ထုတ်လမ်း၊ တံတား၊ စိုက်ပျိုးရေရရှိရေး စသည့် ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အလျင်အမြန်အကျိုးရရှိစေသည့် Quick Win လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင်မိသားစုဝင်ငွေ တိုးပွားရေး စီမံကိန်းများနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထူးခြားသည့် ဆောင်ရွက်ချက်အနေဖြင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆောင်ရွက်ခဲ့သည့် SMART Village Workshop နှင့် ဖေဖော်ဝါရီလ၂၅ ရက်နေ့က ကျေးလက်အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးရေးအမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပနိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသည့်ရလဒ်များကို ကျေးလက်နေပြည်သူများအတွက် ရိုးရာစိုက်ပျိုး မွေးမြူရေးမှသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန် လမ်းဖွင့်ပေးလိုက်ခြင်းပင် ဖြစ်ပါကြောင်း၊ အဆိုပါရလဒ်များကိုအခြေခံ၍ ကျေးလက်ဒေသများတွင် စွန့်ဦးတီထွင်မှုစိတ်ဓာတ် များ ရှင်သန်လာအောင် ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆောင်ရွက်ရန်လျာထားမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာ များ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဆက်စပ်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာငွေသုံးစွဲရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အသုံးပြုရန်၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည့် နေရာများတွင်သာ အဂတိတရားကင်းရှင်းစွာ အသုံးပြု ရန်နှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့်ရာ၌ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်