Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရေရှည်တည်တံ့သော ကျေးလက်အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများဖွံ့ဖြိုးရေး အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်


25 Feb,2026

၁။      အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးပင်မစီမံချက် (ASEAN Rural Development Master Plan) နှင့် မူဘောင်လုပ်ငန်းစီမံချက် (ASEAN RDPE Framework) ပါ လုပ်ငန်းတစ်ရပ်ဖြစ်သော ကျေးလက်အသက်မွေးဝမ်းကျောင်းများဖွံ့ဖြိုးရေး ရည်ရွယ်၍ ရေရှည်တည်တံ့သော ကျေးလက် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများဖွံ့ဖြိုးရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ KMA Naypyitaw ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဖိတ်ကြားထား သော အရာရှိကြီးများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ တက်ရောက်ကြပါသည်။

၂။       ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသပါသည်။

၃။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံလူဦးရေ၏ ၆၉ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသဖြင့် ကျေးလက်ဒေသ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ နိုင်ငံတော်တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သော မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန် ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ကဏ္ဍစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့်အပြင် ခေတ် စနစ်နှင့်အညီ တီထွင်ဆန်းသစ်မှု (Innovation) များကိုလည်း အရှိန်အဟုန်မြှင့် အားပေးမြှင့်တင် ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံမျှနှင့် မလုံလောက်ဘဲ ကျေးလက်နေပြည်သူများ၏ လက်ဝယ်တွင် အမှန်တကယ် ဝင်ငွေတိုးပွားစေမည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနေစေရန်မှာ အထူးအရေးကြီး လှပါကြောင်းနှင့် ယနေ့ကမ္ဘာ့နိုင်ငံများတွင် စွန့်ဦးတီထွင်မှုသည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် အဓိက မောင်းနှင်အားတစ်ရပ်အဖြစ်ရပ်တည်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ (RBF)နှင့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းများကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ သက်တံ့ရောင်လူမှုစီးပွားမြှင့်တင်ရေး စီမံကိန်းကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းတို့ကိုလည်းကောင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေးကဏ္ဍ အတွက် ငွေကျပ်  ၂၈၆ ဒသမ ၃ ဘီလီယံ၊ မွေးမြူရေးကဏ္ဍအတွက် ငွေကျပ် ၅၁ ဒသမ ၂၁ ဘီလီယံ၊ စိုက်ပျိုးရေရရှိရေးအစီအစဉ်အတွက် ငွေကျပ် ၁ ဒသမ ၉၉၅ ဘီလီယံ၊  စုစုပေါင်းငွေကျပ် ၃၆၉ ဒသမ ၇၅၅ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများအတွက် ထုတ်ချေးပံ့ပိုး ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ကဏ္ဍအလိုက် အသက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း၊ ရင်းနှီးငွေများထုတ်ပေးခြင်း၊ ဈေးကွက်ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြောကြားပါသည်။

၄။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ပုံစံတည်း (One size fits all) ချဉ်းကပ်မှုမျိုးကို ရှောင်ကြဉ်ကာ ဒေသ အခြေအနေနှင့် သဘာဝအရင်းအမြစ်များအပေါ် မူတည်၍ ပြောင်းလဲချိန်ညှိဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့အစည်းအသီးသီး၏ အတွေ့အကြုံများကို ပွင့်လင်းစွာ မျှဝေရန်၊ နည်းလမ်းကောင်းများကို စုစည်းမှတ်တမ်း တင်ရန်နှင့် မိမိတို့နိုင်ငံ၏ အတွေ့အကြုံကောင်း များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ မျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲမှ ရရှိလာမည့် လက်တွေ့ကျသော အကြံပြု ချက်များသည် ကျေးလက်နေပြည်သူများ၏ ဘဝကို ပြောင်းလဲပေးနိုင်မည့် မောင်းနှင်အားတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်သည့်အတွက် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက် ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။

၅။      ဆက်လက်၍ ActionAid မှ Country Director ဖြစ်သူ Mr. Shihab Uddin Ahamad က Strengthening Rural Entrepremeurship for Sustainable Livelihoods ခေါင်းစဉ်ဖြင့် Key Note Speech ဆွေးနွေးပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနား ကို ရုတ်သိမ်းကြပါသည်။

၆။      ယင်းနောက် တက်ရောက်လာကြသည့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ UN ၊ INGOs ၊ NGOs အဖွဲ့အစည်းများက ကိုယ်စားလှယ်များက “အမျိုးသမီးများ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုး တိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ သက်မွေးနည်းပညာနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးအရင်းအနှီးနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး” ဆိုင်ရာများကို Panel Session (၄)ခုခွဲကာ ဆွေးနွေးမှုများ ဆက်လက်ကျင်းပပြုလုပ်ကြပါ သည်။

၇။      ထို့နောက် Session အလိုက် တင်ပြချက်များအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က သုံးသပ်ဆွေးနွေးအကြံပြုခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်