Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒေသတွင်း ဒီဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်


12 Mar,2026

နေပြည်တော် မတ် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒီဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊  ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ပညာရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ကမ္ဘာကြီးတွင် ဒီဂျစ်တယ်နည်းပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရှိရပါ ကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်ရာတွင် ဒီဂျစ်တယ်နည်းပညာက မရှိမဖြစ် လိုအပ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ရှင်သန်ကြီးထွားလာစေရန်နှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန်အတွက် “စိုက်ပျိုးရေးအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ပေးခြင်းစီမံကိန်း” ၊ “MSMEs လုပ်ငန်းများ မြှင့်တင်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့်အငယ်စား စက်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်း စီမံကိန်း” တို့ကို စီမံကိန်းကာလ(၂)နှစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

          ယနေ့ကျင်းပပြုလုပ်သည့် “ဒေသတွင်းဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” သည် အသေး စားနှင့်အငယ်စား စက်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ခြင်းစီမံကိန်း အရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း၏ အဓိကလုပ်ငန်းစဉ်များတွင် အသေးစား စက်မှုလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ လုပ်ငန်းမှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းမှတ်ပုံတင် ပလပ်ဖောင်းတစ်ခု တည်ထောင်ခြင်းနှင့် အသေးစားစက်မှုထုတ်ကုန်များအတွက် ဒီဂျစ်တယ် စျေးကွက် (e-commerce) ပလပ်ဖောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများ ပါဝင် ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်ပြီး မြန်မာ့ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်စပ်ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ အလားတူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင် များကလည်း ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြီး လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြရန်နှင့် ယခုနည်းပညာနှီးနှောဖလှယ်ပွဲမှ ရရှိလာသော အသိပညာဗဟုသုတများကို လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်မှာ ပြန်လည်အသုံးပြုသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်လည်း လိုအပ်သည်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးတို့က အမှာစကား ပြောကြားခဲ့ကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု Video Clip အား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

          အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ UMFCCI မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှပညာရှင်များက MSME လုပ်ငန်းများ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးအတွက် အဓိကဆောင်ရွက်နေမှုများ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှု များနှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍတွင် လက်တွေ့အောင်မြင်နေသည့် လုပ်ငန်းများအကြောင်းကို မျှဝေဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်