နေပြည်တော် မတ် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် မျိုးဇမ္ဗူသမဝါယမအသင်း၏ ခေတ်မီနည်းပညာသုံး မဟာနွယ် ဥစားကြက်မွေးမြူရေးခြံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး မွေးမြူရေးခြံများသို့ လှည့်လည် ကြည့်ရှုခဲ့သည်။
ယင်းအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် သမဝါယမအသင်းအဆင့်အဆင့်မှတာဝန်ရှိသူများ မျိုးဇမ္ဗူသမဝါယမအသင်းမှ ဥက္ကဋ္ဌနှင့်သမဝါယမ အသင်းသား၊ အသင်းသူများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းစားနပ်ရိက္ခာလုံလောက်မှု တိုးတက်စေရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ရေး၊ အစားအစာ လုံခြုံမှု မြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း သမဝါယမ ကဏ္ဍမှ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် သမဝါယမအသင်းများကို နိုင်ငံတော်ဘတ်ဂျက်(သက်တန့်ရောင်)စီမံကိန်း ပံ့ပိုးမှုရန်ပုံငွေများဖြင့် စီမံကိန်းများချမှတ်ပြီး နွေစပါး၊ မိုးစပါး၊ ဝါ၊ နေကြာ၊ မြေပဲ စသည့် စီမံကိန်းသီးနှံများ စိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်များ၊ မျိုး၊ သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး စက်ရုံ/အလုပ်ရုံများကိုလည်း တည်ထောင် ပေးလျက်ရှိပါကြောင်း။
ယနေ့ဖွင့်လှစ်လိုက်သည့် မျိုးဇမ္ဗူသမဝါယမအသင်း မဟာနွယ် ဥစားကြက်မွေးမြူရေး စီမံကိန်းအနေဖြင့့် မြေဧရိယာ ၂၄ ဧကပေါ်တွင် စုစုပေါင်း ကြက်ကောင်ရေ ၁၈၀,၀၀၀ ကောင် မွေးမြူနိုင်သည့် Pullet House ၂ ရုံနဲ့ Layer House ၆ ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် မွေးမြူရေးစီမံကိန်းဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းကြီး အပြည့်အဝလည်ပတ်မည်ဆိုလျှင် တစ်နေ့ ကြက်ဥ ၁၈၀,၀၀၀ လုံးခန့် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်စွာဖြင့် အရည်အသွေးမြင့် ကြက်ဥများကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော စီမံကိန်း များသည် နိုင်ငံတော်၏ စားနပ်ရိက္ခာလုံခြုံမှုကို အထောက်အကူပြုသော အရေးပါသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဤစီမံကိန်းတွင် ခေတ်မီ Closed-House System ကို အသုံးပြုထားသည့်အတွက် Biosecurity စနစ်မြင့်မားခြင်း၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်တိုးတက်ခြင်း၊ အရည်အသွေး ထိန်းချုပ် နိုင်ခြင်းတို့ကို အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း၊ ယခုလိုလုပ်ငန်းကို လုပ်မည်ဆိုလျှင် မျိုးရွေးချယ်မှုကလည်း အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံမှ ဥနှုန်းကောင်းသော မျိုးများဖြစ်သည့် CP မျိုးသည် ဥနှုန်းကောင်းပြီး အဖြူရောင်ဥ အများဆုံးရပါကြောင်း၊ ISA Brown သည် ဥညိုရောင်ရပြီး ရာသီဥတုဒဏ်ခံနိုင်ပါကြောင်း၊ ယခုလို ဥစားကြက် မွေးမြူရေးစီမံကိန်းကို တည်ထောင်ခြင်းဖြင့် ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင် မှာဖြစ်သလို ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေမှာဖြစ်သည့်အပြင် မွေးမြူရေး ကဏ္ဍ တိုးတက်ရေးအတွက် နမူနာကောင်းတစ်ခုလည်း ဖြစ်လာနိုင်သည့်အတွက် အထူးအရေးပါ သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း။
ယနေ့နိုင်ငံတော်တွင် လူဦးရေတိုးလာသည်နှင့်အမျှ အသားစားသုံးမှုလည်း တိုးလာသကဲ့သို့ ဥစားသုံးမှုနှုန်းလည်း မြင့်တက်လာပါကြောင်း၊ ဥစားကြက် မွေးမြူရေးသည် စနစ်တကျလုပ်ကိုင် မည်ဆိုလျှင် နေ့စဉ်ဝင်ငွေရရှိစေသော တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း။
ကြက်များ ကျန်းမာပြီး ဥနှုန်းမှန်ရန်အတွက် လေဝင်လေထွက်ကောင်းပြီး အမိုးအကာလည်း လုံခြုံရမည်ဖြစ်ပါကြောင်း၊ ကြက်များအပူဒဏ်မခံရအောင် သက်ကယ်အမိုး သို့မဟုတ် အပူဒဏ်ခံ ပြားများ သုံးသင့်ပါကြောင်း၊ လှောင်အိမ်စနစ်သည် ဥကောက်ရတာလွယ်ကူပြီး ရောဂါထိန်းချုပ်ရန် ပိုလွယ်ပါကြောင်း၊ ကြက်ဥ တစ်လုံးဖြစ်ပေါ်ရန်အတွက် အာဟာရပြည့်ဝရန်လည်း လိုပါကြောင်း၊ ဥစားကြက်မွေးမြူရေး၏ လျှို့ဝှက်ချက်သည် အလင်းရောင်ဖြစ်သည့်အတွက် အလင်းရောင် လုံလောက်စွာရရှိရန် ဆောင်ရွက်ပေးရပါမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများကိုလည်း ဆရာဝန်များ၏ညွှန်ကြားချက်အတိုင်း အချိန်မှန် ထိုးပေးရမည်ဖြစ်ကြောင်း၊ သန့်ရှင်းရေးကိုလည်း အဓိကဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥစားကြက်များသည် အလွန်စိတ်လှုပ်ရှားတတ်သည့် အမျိုးဖြစ်သည့်အတွက် သူတို့သည် ဆူညံသံ၊ ခြောက်လန့်သံများကြားရလျှင် ဥနှုန်းချက်ချင်း ကျတတ်၍ ဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊ ဥစားကြက် များသည် အစာနှင့်ဆေးကောင်းလျှင် အကောင်ကြီးထွားနှုန်း၊ ဖြစ်ထွန်းမှုနှုန်းမြန်ပါကြောင်း၊ အစာနှင့်ရေကို အချိန်မှန်မှန် အထူးဂရုစိုက် တိုက်ကျွေး၍ ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းများ ပြုလုပ်ပေးရမည် ဖြစ်ပါကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လိုသူများရှိပါက သမဝါယမကဏ္ဍမှ လိုအပ် သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်များကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ စားနပ်ရိက္ခာလိုအပ် ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မျိုးဇမ္ဗူသမဝါယမအသင်း၏ တာဝန်ရှိသူက ဥစားကြက် မွေးမြူရေးလုပ်ငန်းအကြောင်းကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်