နေပြည်တော်၊ မေ ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ပေး၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် လျှင်မြန်စွာဆောင်ရွက်ပေးနိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များ အနေဖြင့်လည်း မှတ်ပုံတင်လုပ်ငန်းများကို လျာထားချက်ထက် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ရန်၊ အသေးစားလုပ်ငန်းရှင်များအနေဖြင့်လည်း အချိန်နှင့် တစ်ပြေးညီ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်ရန်နှင့် မှတ်ပုံတင်ကတ်ပြားများကို စနစ်တကျ ကိုယ်တိုင်ထုတ်ယူနိုင်စေရန် ရည်ရွယ်၍ SSID Online Registration Website အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ NOVEL IDEA Solution Provider Co.,Ltd တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ ဌာနအနေဖြင့် ယခင်က Manual ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းမှတ်ပုံတင်စနစ်မှ Online စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက် နိုင်ရန် Online Registration Website ကို NOVEL IDEA Solution Provider Co.,Ltd ဖြင့် ရေးဆွဲ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဌာနမှ ယခုစတင်ဆောင်ရွက်မည့် Online မှတ်ပုံတင်စနစ် အောင်မြင် ရန်အတွက် အဆိုပါ Website ကို အသုံးပြုမည့်သူများ၏ အရည်အသွေးသည် မြင့်မားနေရန် လိုအပ်ပါ ကြောင်း၊ စနစ်တစ်ခုသည် မည်မျှပင်ကောင်းနေပါစေ အသုံးပြုမည့်သူများက နည်းပညာကို ကျွမ်းကျင်မှုမရှိပါက သို့မဟုတ် လက်ခံနိုင်စွမ်းမရှိပါက ယခု စနစ်သည် အသက်ဝင်မည်မဟုတ်ပါ ကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် သင်တန်းသားများ၏ နည်းပညာ စွမ်းရည် မြှင့်တင်ပေးနိုင်ရန်နှင့် SSID Online Registration Website ကို စနစ်တကျ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပေးသည့် ဘာသာရပ်များကို စာတွေ့တင်မကဘဲ လက်တွေ့ပါ ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုနိုင်သည်အထိ စိတ်ပါဝင်စားစွာ လေ့လာကြရန် တိုက်တွန်းလိုပါ ကြောင်းနှင့် စနစ်တစ်ခု စတင်သည့်အခါ အခက်အခဲ စိန်ခေါ်မှုများရှိလာနိုင်ပြီး အဆိုပါ အခက်အခဲ များကို အကောင်းဆုံး ကျော်ဖြတ်ပြီး စနစ်တကျလိုက်နာ သင်ယူသွားမည်ဆိုပါက မိမိတို့ ဌာန၏ Online မှတ်ပုံတင်စနစ်သည် အောင်မြင်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းနည်းပြက သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားပြီး သင်တန်းသားများက မိတ်ဆက်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ယခု ဖွင့်လှစ်သော SSID Online Registration Website အသုံးပြုနည်းသင်တန်းတွင် ရုံးချုပ် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသားများအား မေလ ၄ ရက်နေ့မှ ၈ ရက်နေ့ အထိ SSID Online Registration Website ဝင်ရောက်နည်း၊ အသုံးပြုနည်းများ၊ မှတ်ပုံတင်လျှောက်ထားပုံ အဆင့်ဆင့်၊ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များမှ မှတ်ပုံတင်လျှောက်လွှာလျှောက်ထားရန် လိုအပ်သည့် အချက်အလက်များဖြည့်သွင်းခြင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်