Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finn Civil Aid (FCA) အဖွဲ့တို့ နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုး


11 May,2026

နေပြည်တော်၊ မေ ၁၁

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finn Civil Aid (FCA) အဖွဲ့တို့သည် “ကျေးလက်နေအမျိုးသမီးများအတွက် ရေရှည်တည်တံ့ သော အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း”စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ Finn Civil Aid (FCA) အဖွဲ့မှ Country Director နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

          အဆိုပါ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့ ဦးစီးဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပြီး ဒေသခံများ၏ တောင်းဆိုချက်များအရ မြန်မာ တစ်နိုင်ငံလုံးတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊  စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြားလိုအပ်သည့် အကူအညီများရှိပါက Finn Civil Aid (FCA) ကို တတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ Finn Civil Aid (FCA) အနေဖြင့် စီမံကိန်းကာလအတွင်း လုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ် ရေးထိုးထားသည့် MoU ပါ အချက်အလက်များအတိုင်း တိကျစွာလိုက်နာပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဆင်းရဲသည့် အမျိုးသမီးများ၏ လူမှုဘဝများကို မြှင့်တင်ပေးရန်၊ ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးသွားရန်နှင့်  အမြတ်အဓိကမထားသော အစိုးရ မဟုတ်သော နိုင်ငံရေး၊ ဘာသာရေး မရောယှက်သော လူသားချင်း စာနာထောက်ထားခြင်းကို လက်ကိုင်ပြုသော အဖွဲ့အစည်းအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ပေး စေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finn Civil Aid (FCA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးကြပြီးနောက် MoU အား လဲလှယ်ကြသည်။ ထို့နောက် Finn Civil Aid (FCA)မှ Country Director က MoU ရေးထိုးနိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

          ယခု MoU ရေးထိုးထားသော ကျေးလက်နေအမျိုးသမီးများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်းကို စီမံကိန်းကာလ(၃) နှစ်ဖြင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဆင်းရဲသည့် အမျိုးသမီးများနှင့် လူငယ်လူရွယ်များအတွက် ရေရှည် တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်လာနိုင်ရန်အတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အမျိုးသမီးများအတွက် ကိုယ့်အား ကိုယ်ကိုးအဖွဲ့များ ဖြစ်လာစေရန်ဖွဲ့စည်းပေးခြင်း၊ သင်တန်းဆင်းများအတွက် တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်လာနိုင်ရန် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ရင်းနှီးငွေများ ထောက်ပံ့ဆောင်ရွက်ပေးခြင်းအပြင် လုပ်ငန်းထူထောင်ရာတွင် အရေးပါသော ငွေကြေးစီမံခန့်ခွဲမှု ပညာရပ်များ သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်