Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကမ္ဘာလုံးဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ဖွံ့ဖြိုးရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး


31 May,2026

နေပြည်တော် မေလ ၂၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs-MARA)မှ ကြီးမှူး၍ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ မေလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ Beijing International Convention Center တွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum)သို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Liu Guozhong နှင့် ပါတီအဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ministry of Agriculture and Rural Affairs မှ ဝန်ကြီး H.E Mr. ZHANG Zhu၊ ကမ္ဘောဒီးယား၊ ကိုလံဘီယာ၊ လိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မိုဇမ်ဘစ်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တောင်အာဖရိက၊ ဥဇဘက်ကစ္စတန်၊ အိုင်ဗရီကို့စ်တို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၅၄) နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးမှဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချရေးဗဟိုဌာန(IPRCC)မှ ကိုယ်စားလှယ် များ၊ UN အဖွဲ့အစည်း(၉)ခုမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံတက္ကသိုလ်တို့မှ ပါမောက္ခများ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Liu Guozhong က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ကြပါသည်။
ဆက်လက်ပြီး ပထမအကြိမ် ဆင်းရဲမှုလျော့ချရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကမ္ဘာ့မိတ်ဖက် အဖွဲ့ အစည်း ကော်မတီအစည်းအဝေးကို ကျင်းပကြရာ “ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်း” (Global Partnership for Poverty Reduction and Development Alliance) ကို တရားဝင် တည်ထောင်ကြောင်း ကြေညာခဲ့သည်။ မိတ်ဖွဲ့အဖွဲ့အစည်း တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းအကျိုးရှိရေးကို အခြေခံကာ ဆင်းရဲမှုလျှော့ချရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် GPPAD Charter ၊ ကော်မတီ ဥက္ကဌ နှင့် ဒုတိယဥက္ကဌများ ရွေးချယ်ခြင်း၊ GPPAD Action Plan တို့ကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ဖိုရမ်အား ခေါင်းစဉ် (၄) ခုခွဲ၍ Parallel Sessions ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များက အုပ်စုခွဲ၍ ခေါင်းစဉ်အသီးသီးဖြင့် မိန့်ခွန်းပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက Sub-Forum 3: Social Equity and Inclusive Development ကဏ္ဍ၌ မိန့်ခွန်း ပြောကြားရာ မြန်မာနိုင်ငံ အနေဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေး နှင့် ရေရှည်တည်တံ့သော ဆင်းရဲမှုလျှော့ချရေးကို အားပေးကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စွမ်းအင်၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သမဝါယမ စီးပွားရေးကဏ္ဍများတွင် လက်တွေ့ကျသောစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းကာ ဆင်းရဲမှု လျှော့ချရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေးပတ်ဝန်းကျင် တည်ဆောက်သွားမည်ဖြစ် ကြောင်း အလေးပေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ (၂၈) ရက်နေ့၌ ပေကျင်းမြို့၊ ပင်းကူးခရိုင်သို့ သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆောင်ရွက်ထားသော ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီစိုက်ပျိုးရေး၊ သန့်ရှင်းသောစွမ်းအင် အသုံးပြုမှုနှင့် လူနေမှုဘဝမြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများကို လေ့လာကြည့်ရှုခဲ့သည်။ ထို့ပြင် ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝတိုးတက်လာမှုနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော လက်တွေ့ကျသည့် ဖွံ့ဖြိုးရေးစနစ်များကို ကြည့်ရှုလေ့လာခဲ့ပြီး ကျေးလက် ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတွေ့အကြုံများနှင့် အောင်မြင်မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ (၂၅)ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ပြီး မေလ(၂၉) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းဒါရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာခဲ့ရာ ‌ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး ဦးရောင်တောက်ပင်းတို့က လိုက်ပါ ကြိုဆိုပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်