နေပြည်တော် ဇွန် ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှု နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ ဦးစီးဌာနအလိုက် တိုင်းဒေသကြီးဦးစီးမှူးများက မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အသေးစားကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ၊ ကျေးလက်လမ်းကွန်ရက်များနှင့် ကျေးလက်ကုန်ထုတ် လမ်းကွန်ရက် ချိတ်ဆက်မှုဖြင့် ဈေးကွက်ချိတ်ဆက်ပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြ ကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရေးဆွဲရာမှာ မြေပြင်အချက်အလက်များ မှန်ကန်စွာ ကောက်ယူပြီး သုံးသပ်ဖော်ထုတ်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံနှင့် ချိတ်ဆက်၍ နှစ်အလိုက် လက်တွေ့ကျပြီး ထိရောက်အကျိုးရှိသော၊ အကျိုးပြုမှုများသော လုပ်ငန်းများကို ဦးစားပေးရွေးချယ်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ မကျီးပင်ပုကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် အစုအဖွဲ့စနစ် နို့စားနွားမွေးမြူရေး လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာခရိုင်တွင် စနစ်ကျတဲ့ နို့စားနွားမွေးမြူရေး ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ရရှိရေး ပံ့ပိုးဆောင်ရွက်နေသလို ကျေးလက်ပြည်သူအစုအဖွဲ့များကလည်း ပူးပေါင်းထည့်ဝင် ဆောင်ရွက်နေတာကို တွေ့ရတာ ဝမ်းသာပါကြောင်း၊ ဦးဆောင်သူများအနေဖြင့် နို့ထွက်နှုန်းကောင်းအောင် ဖြည့်စွက်စာများလည်း ကျွေးရန်လိုအပ်ကြောင်း၊ Value Added အဖြစ် ဒိန်ချဉ်အပါအဝင် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရန်ရောင်းချရန် လိုအပ်ကြောင်း၊ တောင်သူများ နှင့် မွေးမြူသူများအဆင်ပြေအောင် နိုင်ငံတော်မှ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ တောင်သူများမှလည်း ကိုယ်တိုင်ပါဝင်မှ ရမည်ဖြစ်၍ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကျီးပင်ပုကျေးရွာဓမ္မာရုံ၌ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ် ပို့ချလျက်ရှိသော အခြေခံအပ်ချုပ်စက်သင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးမှုများကိုစနစ်တကျလေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ သင်တန်းနည်းပြ များကလည်း အခြေခံမှသည် ခေတ်မီပြီး ဆန်းသစ်သော ချုပ်လုပ်နည်းများကို တီထွင်ကြံဆ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် သင်တန်းသူများ၏ တင်ပြချက် များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၆၆၂ အိမ်၊ လူဦးရေ ၃၁၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၃၀၀ ကျော်ကိုတိုက်ရိုက်အကျိုးပြုပေးနိုင်မည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ကျေးလက်လမ်း တံတားလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက် သွားရန်ဆွေးနွေးမှာကြားပါသည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ညောင်မြင့်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဓမ္မာရုံ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက သမဝါယမကဏ္ဍမှ နွေစပါး၊ မိုးစပါး၊ မိုးဝါ စိုက်ပျိုးဆောင်ရွက် နေမှုများ၊ သွင်းအားစုထောက်ပံ့ဆောင်ရွက်ပေးမှုူများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလိုအပ်သည့် မျိုးကောင်းမျိုး သန့်၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေး ပူးပေါင်း ဆောင်ရွက်ပေးမှာ ဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်များကိုလည်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် ပါကြောင်း ဆွေးနွေးမှာကြားပြီး တက်ရောက်လာသော ကျေးရွာများမှ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ကွက်ငယ်ကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာသို့ ရောက်ရှိပြီး ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုစနစ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများအား ကွင်ဆင်းကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းရေရှည်ကောင်းမွန်မှုရှိစေရေး ဝိုင်းဝန်းထိမ်းသိမ်း ကြရန်ဆွေးနွေးမှာကြားပါသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ အင်ကြင်းကန်(ရွာမ) ကျေးရွာသို့ သွားရောက်ပြီး အသင်းဝင်တောင်သူ ဦးသာမောင်၏ စိုက်ခင်း၌ ကျေးရွာရှိ ရွှေမိုးငွေမိုး စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအသင်းအမှုဆောင်များ၊ အသင်သားတောင်သူများ၊ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက် နေပါကြောင်း၊ စိုက်ပျိုးရေး ထုတ်လုပ်မှုတိုးတက်ရေးသည် သွင်းအားစုများသုံးစွဲရန်လိုအပ် ပါကြောင်း၊ စနစ်ကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖြစ်စေရန်အတွက် လိုအပ်သည့် နည်းပညာ များကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်ကျတဲ့ စိုက်နည်းစနစ်များနှင့်အညီ စည်းစည်း လုံးလုံးညီညီညွတ်ညွတ် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်