Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး မိုးစပါးစိုက် သမဝါယမအသင်းသား တောင်သူများသို့ မျိုးနှင့် သွင်းအားစုများ ပေးအပ်


03 Jun,2026

နေပြည်တော် ဇွန် ၂

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အင်ဘက်ကုန်းကျေးရွာသို့ သွားရောက်၍ သမဝါယမဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ မိုးစပါး စိုက်ပျိုးမည့် အင်ဘက်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်မှ အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ရာ ဦးစီးဌာနအလိုက် မြို့နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပံ့ပိုးပေးနေမှုများ၊ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ပေးနေမှုများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာများ ရောနှော အသုံးပြုကြရေး တိုက်တွန်းပြောကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဘက်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသား (၂၃) ဦး၏ စိုက်ပျိုးမြေ (၅၅) ဧကအတွက် မျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မွေးမြူလျက်ရှိသော နွားမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မကျီးပင်ကျေးရွာသို့ သွားရောက်၍ အောင်စိုးမိုး လယ်ယာ နှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက မတ်ပဲ (၅၁) ဧက စိုက်ပျိုး ထားမှုနှင့် ဆောင်းသီးနှံ မြေပဲဧက (၁၀၀) စိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် သမဝါယမစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ က ပံ့ပိုးပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့ ငွေတိုး လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဒေါ်ဟေမာကျော်၏ ငွေနှင်းမှို အထုပ် ၅၀၀၀ ကျော် စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ ရွာသစ်ကျေးရွာသို့ သွားရောက်၍ ဒက္ခိဏသီရိမြို့နယ်အတွင်း သက်တံ့ရောင်စီမံကိန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတို့ဖြင့် မိုးစပါး စိုက်ပျိုးမည့် သမဝါယမအသင်းများသို့ မျိုးနှင့် သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်ရာ သမဝါယမ မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုး ရေးနှင့် ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွာသစ် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူ (၁၇) ဦး၏ လယ်မြေ (၈၃) ဧကအတွက် မျိုး နှင့် သွင်းအာစုများ ပေးအပ်ခဲ့ရာ အသင်းသားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြော ကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့် ဆိုလာစိုက်ပျိုးရေတင်စနစ်ကို ကြည့်ရှုစစ်ဆေးကာ သမဝါယမအသင်းသား တောင်သူများ၏ စိုက်ပျိုးမြေများအတွက် အမှန် တကယ် အကျိုးရှိထိရောက်ပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ဆောင်ရွက်ကြရန်နှင့် ရေရှည် အသုံးပြုနိုင်‌ရေး အစုအဖွဲ့စနစ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်