နေပြည်တော် ဇွန် ၁၀
နိုင်ငံလူဦးရေ၏ ၆၉ ရာခိုင်နှုန်းကျော် မှီတင်းနေထိုင်ရာ ကျေးလက်ဒေသများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်ရဲ့ စီးပွားရေးကို မြှင့်တင်ရာမှာ တစ်ဦး တစ်ယောက်တည်းထက် ပြည်သူလူထု၏ စုပေါင်းစွမ်းအားဖြင့် အကောင်အထည်ဖော်နိုင်မည့် သမဝါယမစနစ် အစုအဖွဲ့စနစ်များကို ဗဟိုပြုဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း မြို့ပြနှင့်ကျေးလက် ကွာဟမှုကို လျှော့ချပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားလာ စေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျေးလက်လူမှုစီးပွား ဘဝကို မြှင့်တင်ရာမှာခိုင်မာသည့် စီးပွားရေးအခြေခံ အဆောက်အအုံတွေရှိဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှု စွမ်းအားမြင့်မားလာစေရေး အတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း ထုတ်ကုန်လုပ်ငန်း များကိုပါ အားပေးမြှင့်တင်သွားကြရမှာဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက် စေရေးအတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြုပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအချင်းချင်း ချိတ်ဆက်ကာ လုပ်ငန်းများ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူပူးပေါင်းပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း၊ ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသော စီမံကိန်းများဖြစ်စေရေး စည်းရုံးဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့ပြနှင့် ကျေးရွာများအားလုံး Green, Clean, Smart ဖြစ်စေရေး ကျေးရွာအခြေခံအဆောက်အအုံလုပ်ငန်းများ၊ ကျေးရွာစိမ်းလန်းစိုပြေရေး၊ကျေးရွာ သန့်ရှင်းသာယာလှပရေး၊ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကောင်းမွန်ရေး၊ စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖြစ်ပေါ်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ အခြေခံအဆောက်အအုံများ တိုးတက်လာသည်နှင့်အမျှ ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးနှင့် နေ့စဉ်လူနေမှုဘဝ အဆင့်အတန်းမြင့်မားရေးအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးဟာလည်း အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ပါကြောင်း၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် သန့်ရှင်းသော သောက်သုံး ရေမှသည် လုံလောက်သော သုံးရေ ရရှိသည်အထိ သက်ဆိုင်သူ အားလုံးနဲ့ပူးပေါင်းပြီး စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒါ့အပြင် ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး အတွက် ရေရရှိရေးသာမက တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဟာလည်း အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း၊ ကျေးလက်စီးပွားရေး ပိုမို မြင့်မားလာစေရေး ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်ကြဖို့လိုအပ်မှာ ဖြစ်ကြောင်း၊ မိရိုးဖလာလုပ်ငန်းများမှ ခွဲထွက်ပြီး ဒေသထွက်ကုန်များကို အခြေခံကာ စီးပွားရေးအရ အမှန်တကယ်တွက်ချေကိုက်မည့် ကုန်ထုတ်လုပ်ငန်းများကို မှန်မှန်ကန်ကန် ရွေးချယ်ဆောင်ရွက် ကြရန် အရေးကြီးပါကြောင်း၊ ကုန်ကြမ်းအတိုင်း ထုတ်လုပ်ရောင်းချခြင်းထက် ဈေးကွက်ဝင် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို အဓိကထား အားပေးကူညီသွားကြရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်အောင် ကျေးလက်နေပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့်စည်းရုံး ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ပြည်သူပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့မှု၊ ဆောင်ရွက်ပြီးလုပ်ငန်းများအပေါ် သုံးသပ်တင်ပြချက်၊ ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များနှင့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက် သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ဒါခေါ်ယူမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး များက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်နှင့် စနစ်ကျသော စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စည်းရုံးရေးမှူးကောင်း များ၊ ပေါင်းစပ်ညှိနှိုင်းရေးမှူးကောင်းများဖြစ်အောင် စေတနာထားဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားပါသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့် တာဝန်ရှိသူများက UNICEF(ယူနီဆက်ဖ်)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Yasumasa Kimura အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံး ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အနက် ပန်းတိုင်(၆)နှင့်အညီ ၂၀၃၀ ပြည့်နှစ်တွင် လူသားအားလုံး သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ရည်မှန်း၍ “ကျေးလက်ဒေသ ရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” ကို ပူးပေါင်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၂၀၃၀ ခုနှစ် ရည်မှန်းချက်ပြည့်မီအောင် UNICEF အပါအဝင် ကျေးလက်ရေရရှိရေးကဏ္ဍမှာ ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် အစီအစဉ် များကို အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်