နေပြည်တော် ဇွန် ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့ မြို့နယ်ခန်းမတည်ဆောက်နေမှု အားကြည့်ရှုပြီး ခန်းမအတွင်း၌ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဝက်တိုး၊ ဥသျှစ်ကုန်း၊ မြောက်မကွေ့၊ ငါးခူအိုင်၊ ဘန့်ပြင်၊ လေးကြီး၊ ထန်းတပင် စသည့်ကျေးရွာများမှ မိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန် ရှိသူများက တောင်သူများစုပေါင်း၍ စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် ဆွေးနွေး ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို တစ်ဦးချင်း ဆောင်ရွက်ရာတွင် လိုအပ်သည့် မျိုး၊ သွင်းအားစုများအတွက် ကုန်ကျစရိတ် ပိုမိုကုန်ကျနိုင်ကြောင်း၊ ဒါကြောင့် သမဝါယမစနစ်ဖြင့် တစ်ကွင်းတစ်ဆက်စပ်တည်း ရှိသော လယ်ကွင်းများတွင် စုပေါင်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို သက်ဆိုင်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ပေးမှာဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်များကိုလည်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မှာဖြစ်ပါကြောင်း ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စနစ်တကျ လယ်ယာစိုက်ပျိုးရေး စုပေါင်းဆောင်ရွက်မည့် ဝက်တိုးကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့မှ တောင်သူများအား မျိုးနှင့် သွင်းအားစုများလည်းကောင်း၊ ဝက်တိုးကျေးရွာအပါအဝင် ကျေးရွာလေးရွာအတွက် ခေတ်မီစံပြ ကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village)ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေများကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများ ပူးပေါင်းပါဝင်ပြီး ကိုယ်တိုင်တာဝန်ယူ စီမံဆောင်ရွက်ကြရန်နှင့် ကျေးရွာကော်မတီများမှ ဝိုင်းဝန်း ထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ သုံးရွာရှိ အိမ်ခြေ ၅၈၉ အိမ်၊ လူဦးရေ ၂၀၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၆၀ ကျော်ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် ပေါက်ခေါင်း- ကြိုးကြာ ဆက်သွယ်ထားသောလမ်းအား လမ်းတာဘောင်ချဲ့ခြင်းနှင့်မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာချင်းဆက်လမ်းများ သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှုကို များစွာအထောက်အကူပြုခြင်းကြောင့် ကျေးလက်လမ်းတံတားလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက် သွားရန်ဆွေးနွေးမှာကြားပါသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြိုးကြာကျေးရွာတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း)သင်တန်းမှ သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးထားသော သင်တန်းသားများ၏ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာ (ရက်ကန်းဒီဇိုင်း)ဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်ခရိုင်အတွင်း ဌာနအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြုပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဦးစီဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ လုပ်ငန်းများ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ ပူးပေါင်းပါဝင်သော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသော စီမံကိန်းများဖြစ်စေရေး စည်းရုံးဆောင်ရွက် ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်