Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြည်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိုက်ကြီးခရိုင်အတွင်း သမဝါယမစနစ်ကို အခြေခံ၍ စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး


16 Jun,2026

နေပြည်တော် ဇွန် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် အတွင်း သမဝါယမစနစ်ကို အခြေခံ၍ စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ရွှေတောင်)သို့ရောက်ရှိပြီး သင်တန်း ခန်းမ၌ သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းမှ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ် သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်းနှင့် ဆက်စပ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ ကာလတို၊ ကာလရှည် သင်တန်းများဖွင့်လှစ်ပို့ချမှု အခြေအနေနှင့် သင်တန်းဆင်းပြီးသူများ၏ အလုပ်အကိုင် ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့်အညီ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ် ပညာများ ဖြန့်ဖြူးပေးနိုင်ရေး  ရက်ကန်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ခေတ်မီဒီဇိုင်းများကိုလည်း လေ့ကျင့်သင်ကြား ဖန်တီးကြရန် လိုအပ်ကြောင်း၊ သင်တန်းဆင်းသူ များအား နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်း များရရှိရေး တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက လုပ်ငန်းများ ထူထောင်ဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ သင်တန်းနည်းပြများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ သင်တန်းသားသင်တန်းသူများ အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး သင်တန်းသား သင်တန်းသူများ၏ တင်ပြချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် သင်တန်းကျောင်းအတွင်း လက်တွေ့သင်ကြားနေမှု အခြေအနေများအား လည်းကောင်း၊ စာသင်ဆောင်များ၊ သင်တန်းသားအိပ်ဆောင်များအားလည်းကောင်း လှည့်လည် ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်း၏ ဥပဓိရုပ်ကောင်းမွန်စေရေး သန့်ရှင်း သာယာလှပရေး စနစ်တကျ ဆောင်ရွက်ရန်သွားရန်နှင့် သင်တန်းသားသင်တန်းသူများ၏ စားသောက်နေထိုင်ရေး ကိစ္စရပ်များ အဆင်ပြေအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာခြောက်ရွာရှိ အိမ်ခြေ ၄၄၈ အိမ်၊ လူဦးရေ ၁၉၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၁၆၀၀ ကျော်ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် လိပ်ဥကုန်း-ကျောက်တွင်း-ရန်ကင်းတောင်လမ်း ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းပေါက်များဖာထေး၍ ဂဝံမြေနီခင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပြည်ထောင်စု ဝန်ကြီးက ကျေးလက်လမ်း တံတားလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူများ ပူးပေါင်းပါဝင်ပြီး ကိုယ်တိုင်တာဝန်ယူ စီမံဆောင်ရွက်ကြရန်နှင့် ကျေးရွာကော်မတီများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။ 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာ သို့ သွားရောက်ပြီး ကျေးရွာခန်းမဆောင်၌ ကျေးရွာရှိ ကောင်းသန့်အောင် မျိုးစေ့ထုတ်သမဝါယမ အသင်း၊ ကရင်ကျွန်းချောင်းကျေးရွာရှိ ပွင့်သစ်စစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ လောက်လေးချောင်းကျေးရွာရှိ ရတနာလွှမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းများမှ အသင်းအမှုဆောင်များ၊ အသင်သားတောင်သူများ၊ ကျိုက်စကိုင်း၊ ဂျိုးဖြူစံပြကျေးရွာ တို့မှ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက သမဝါယမစနစ်ကို အခြေခံ၍ စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် ဆွေးနွေးထားမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးသည် သွင်းအားစုများ အချိုးညီညီ စနစ်တကျ သုံးစွဲရန်လိုအပ်ကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့်လည်း ဈေးကွက်ဝင်မျိုး၊ ရာသီဥတု ရေမြေသဘာဝနှင့် ကိုက်ညီ သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ လိုအပ်သည့်မျိုးကောင်းမျိုးသန့်၊ သွင်းအားစု ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို သက်ဆိုင်ဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တိုက်ကြီးမြို့နယ်အတွင်းရှိ ရင်းတိုက်ကွင်း၊ ကရင်ကျွန်းချောင်း၊ လောက်လေးချောင်း စသည့်ကျေးရွာ (၃)ရွာမှ မိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်