Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတက်ရောက် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်


23 Jun,2026

နေပြည်တော် ဇွန် ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တသီရိမြို့နယ်၊ ခွာညိုပန်း အဝိုင်းအနီးရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနပိုင် ဝါးနှင့် သစ်စေးစိုက်ပျိုးရေး စီမံကိန်းမြေ နေရာ အကွက်အမှတ်(၂၀)အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် ဝန်ထမ်းများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ပန်းယွန်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် ဦးစီး ဌာနတစ်ခု ဖြစ်သည်နှင့်အညီ ယွန်းလက်မှုထည်ပစ္စည်းများ ထုတ်လုပ်ရာမှာ အဓိကလိုအပ်သည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဝါးနှင့်သစ်စေးပင်များကို အဓိကထားစိုက်ပျိုးသွားမှာဖြစ်ကြောင်း၊  ယခုသတ်မှတ်ခွင့်ပြုပေးသည့် ဧရိယာအတွင်းမှာ (၂)နှစ် စီမံကိန်းချပြီး သစ်စေး(၂၀၀၀)ပင်၊ ဝါးပင် (၂၀၀၀)ပင်တို့ကို အပိုင်းလိုက်စိုက်ပျိုးသွားမှာဖြစ်ပြီး ယနေ့တွင် ပထမအဆင့်အနေဖြင့် သစ်စေးပင် (၄၀၀)ပင်ကို တစ်အုပ်တစ်မ စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ယနေ့ စိုက်ပျိုးမယ့် သစ်စေးပင် (၄၀၀)ကို တစ်ပင်စိုက် တစ်ပင်ရှင် စနစ်ဖြင့် စနစ်တကျစိုက်ပျိုးပြီး သေသေချာချာ ပြုစုပျိုးထောင်သွားမည် ဆိုပါက စီးပွားရေးအရ တွက်ခြေကိုက်မှာဖြစ်သလို ယွန်းလက်မှုထည်ကဏ္ဍအတွက် ထိရောက်စွာ အသုံးပြုနိုင်ကြမှာဖြစ်ကြောင်း၊ အလားတူ ယခုနေရာတွင် စိုက်ပျိုးမယ့် ဝါးပင်များမှာလည်း ယွန်းကဏ္ဍတွင် အဓိက ကုန်ကြမ်းများဖြစ်သည့် ကြသောင်းဝါး၊ တင်းဝါး၊ ဝါးဘိုးဝါးတို့ကို အဓိက ထားစိုက်ပျိုးမှာဖြစ်ကြောင်း၊ ဒီလိုစိုက်ပျိုးသည့် နေရာမှာ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ပြီး ယွန်းလက်မှုကဏ္ဍ အပါအဝင် စက်မှုလုပ်ငန်းများအတွက် အသုံးတည့်မည့် ဝါးမျိုးကောင်းများ ကိုလည်း ထည့်သွင်းစိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ ယခုလို သစ်ပင်စိုက်ပျိုးပွဲမှာလည်း သဘာဝ ပတ်ဝန်းကျင်ကို အကောင်းဆုံးထိန်းညှိပေးသည့် လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာ ယုံကြည်နားလည် ကြရန်လိုအပ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနအလိုက် ဝန်ထမ်းများက သစ်စေးပင်များကို စုပေါင်းစိုက်ပျိုးကြပါသည်။

          အလားတူ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်/မြို့နယ်များ စုပေါင်း၍  ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ရွှေပေး-ရှားစေးဖိုကျေးရွာချင်းဆက်လမ်းတစ်လျှောက် လမ်းဘေး ဝဲ/ယာ၌ အရိပ်ရပင်များဖြစ်သည့် သစ်ဖြူ(စစ်)ပင် (၁၀၀) ပင်၊ ကုက္ကိုပင် (၆၀) ပင်၊ ကျွန်းပင် (၁၄) ပင်၊ စိန်ပန်းပင်(၇၅) ပင်၊ ပိတောက်ပင်(၈၂)ပင်၊ မယ်ဇလီပင် (၇၄)ပင် ကံကော်ပင်(၃) ပင်နှင့် ခရေပင် (၅)ပင် စုစုပေါင်းပျိုးပင် (၄၁၃)ပင်ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ရှိ ရုံးအမှတ်-၁၆ ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြား မည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် တက္ကသိုလ်များမှ မူလတန်းကျောင်းသား ကျောင်းသူ (၄၉၈) ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ (၂၃၉) ဦးနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ (၈၅)ဦး၊ စုစုပေါင်းကျောင်းသား ကျောင်းသူ(၈၂၂) ဦးတို့အတွက် စုစုပေါင်းငွေကျပ်သိန်း (၃၉၉) ကျော်နှင့်ညီမျှသည့် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာတတ်များဖြစ်အောင် ကြိုးစားအားထုတ်သင်ယူကြရန် နှင့် နိုင်ငံချစ်စိတ်ရှိကြရန် မှာကြားလိုပါကြောင်း၊ ထို့အတူ မိဘများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ပညာတတ်များ ဖြစ်လာစေရုံတင်မကဘဲ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဗလ ငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်အောင် အနီးကပ်ကြီးကြပ် လမ်းညွှန် ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် တက်ရောက် ပညာသင်ယူကြမည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်