Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်


25 Jun,2026

နေပြည်တော် ဇွန် ၂၄

          မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ကောင်စစ်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသော အရာရှိကြီးများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက “သမဝါယမကဏ္ဍနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှု စီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်”ဆိုသည့် ဝန်ကြီးဌာန၏ မျော်မှန်းချက်နှင့်အညီ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ကျေးလက်ဒေသ ထွက်ကုန်ကြမ်း များကို အခြေခံ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ခြင်းစီမံကိန်းမှ ဌာနရှိ သင်တန်းနည်းပြများ၏ အရည်အချင်း၊  စွမ်းဆောင်ရည်တိုးတက်စေရေး ပြည်တွင်း၊ ပြည်ပပညာရှင် များကို ဖိတ်ခေါ်၍ ဆရာဖြစ်သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ပါကြောင်း၊ ဒါ့အပြင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာစေရေး ဒေသထွက်သီးနှံများကို အခြေခံသည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုသင်တန်း၊ Bakery and Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်း၊ မျှစ်အခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ ရေခဲမုန့်နှင့် အအေးအမျိုးမျိုး ထုတ်လုပ်မှုသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းပို့ချမှုကို နေပြည်တော်၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ စသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွင့်လှစ်ပို့ချပေးခဲ့ပါကြောင်း၊ သင်တန်းတက်ရောက် သည့် သင်တန်းသားများအနက် သင်တန်း(၁)ကြိမ်လျှင် ထူးချွန်ပြီး ကုန်ထုတ်လုပ်ငန်းလုပ်ကိုင် လိုသည့် သင်တန်းသား(၅)ဦး၊ စုစုပေါင်းသင်တန်းသား(၇၅)ဦးကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း နည်းပညာအသစ်များ အသုံးပြု နိုင်ရေး၊ ထုတ်လုပ်မှုအရည်အသွေးမြှင့်တင်နိုင်ရေး၊ ဈေးကွက်ချိတ်ဆက်နိုင်ရေးနှင့်  ပြည်ပသို့တင်ပို့ နိုင်ရေးတို့အတွက်လည်း အားလုံးဝိုင်းဝန်း ပူးပေါင်းဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကောင်ဆယ်လာ ဦးရောင်တောက်ပင်းက မဲခေါင် -လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၄) ထောက်ပံ့ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပါသည်။

          ဆက်လက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသပါသည်။

          ယင်းနောက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချခဲ့သော သင်တန်း ဆင်းသူများ၏ ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြပါသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ဘေးကင်းသော အစားအစာထုတ်လုပ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုနှင့် ပြည်တွင်း ပြည်ပဈေးကွက်ရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ပတ်သက်၍ လည်းကောင်း၊ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများကို အပြန်အလှန် ဆွေးနွေးမေးမြန်းကြပါသည်။  

          ထို့နောက် လုပ်ငန်းအလိုက် တင်ပြချက်များအပေါ် တာဝန်ရှိသူများက သုံးသပ်ဆွေးနွေး အကြံပြုခဲ့ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်