နေပြည်တော် ဇူလိုင် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဝါစိုက်သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြောက်မြိုက်(အရှေ့)၊ ဒဟတ်ကုန်း၊ အလယ်ကျွန်း စသည့် ကျေးရွာ သုံးရွာမှ မိုးဝါစိုက် သမဝါယမအသင်သားတောင်သူ(၁၂၁)ဦးနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက တပ်ကုန်းမြို့နယ်အတွင်း သမဝါယကဏ္ဍမှ ဝါစိုက်ပျိုးနေမှု အခြေအနေများ၊ မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုး ဖြစ်ထွန်းပြီး ဝါကိုအခြေခံ သည့် ကုန်ထုတ်လုပ်ငန်းသည် စဉ်ဆက်မပြတ်သည့် ကွင်းဆက်ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖြစ်ပေါ်စေနိုင်သည့် စက်မှုကုန်ထုတ် လုပ်ငန်းပင်ဖြစ်ပါကြောင်း၊ ဝါထွက်ကုန် များမှတဆင့် ဝါ၊ ဝါဂွမ်း၊ ချည်မျှင်၊ အထည်အလိပ်လုပ်ငန်းများအထိ အဆင့်ဆင့်သော အလုပ်အကိုင် အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှုများကို ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ဒါကြောင့် ဝါစိုက်တောင်သူများ အနေဖြင့် သမဝါယစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးမှုမှ ထွက်ရှိလာသော ဝါထွက်ကုန်များကို ဝါဂွမ်း၊ ချည်မျှင်၊ အထည်အလိပ်လုပ်ငန်းများအထိ တန်ဖိုးမြှင့်ထုတ်လုပ် ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ဝါများစိုက်ပျိုးရာတွင်လည်း တစ်ကွင်းတစ်ဆက်တည်းရှိသော စိုက်ခင်းများတွင် သမဝါယမစနစ်ဖြင့် စနစ်တကျ စုပေါင်းစိုက်ပျိုးဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြောက်မြိုက်(အရှေ့)၊ ဒဟတ်ကုန်း၊ အလယ်ကျွန်းကျေးရွာများမှ မိုးဝါစိုက်တောင်သူများအတွက် မျိုးနှင့် သွားအားစုများထောက်ပံ့ ပေးအပ်ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဟတ်ကုန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်း ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် လမ်းရေရှည်ကောင်းမွန်မှုရှိစေရေး ဝိုင်းဝန်း ထိမ်းသိမ်းကြရန်၊ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် စက်ရက်ကန်းစက်ရုံသို့ ရောက်ရှိပြီး အသင်းအမှုဆောင်များ၊ ဂွေးပင်စံပြ၊ လက်ပံတော၊ ညောင်လွန့်၊ တံခွန်တိုင်၊ အေးချမ်းသာစံပြ၊ ကံမြင့်၊ ငြိမ်းချမ်းသာယာကျေးရွာများမှ သမဝါယမအသင်းသား ဝါစိုက်တောင်သူ များနှင့်တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ယခုလို လာရောက် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဝါစိုက်တောင်သူများ အနေဖြင့် မိမိတို့ စိုက်ပျိုးထားသော ဝါများ ပန်းတိုင် အထွက်နှုန်း ရရှိရေးနှင့် ထွက်ရှိလာသော ဝါကုန်ကြမ်းများအား ဝါဂွမ်းအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ် နိုင်ရေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထွက်ရှိလာသည့် ဝါဂွမ်းများကို ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားပြီး ဝါစိုက်အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ဝါကြိတ်စက်နှင့် စက်ရက်ကန်းစက်ရုံ လည်ပတ်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
ယင်းနောက် နေ့လယ်ပိုင်းတွင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကော်မတီဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအလိုက် ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဦးဆောင်ကော်မတီအနေဖြင့် ယခုနှစ် မိုးစပါးနှင့် မိုးသီးနှံအတွက် လိုအပ်သော ဓာတ်မြေဩဇာများကို မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းဝင်ကုမ္ပဏီများက စုပေါင်းဝယ်ယူကာ စုပေါင်းဖြန့်ဖြူးနိုင်ရန် သမဝါယမစနစ် Consortium ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုမိုးစပါးနှင့် မိုးသီးနှံအတွက် ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျမှတ်တမ်း တင်ထားရန်လိုအပ်ပါကြောင်း၊ ဓာတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန် မှန်ကန်စေရေး၊ သတ်မှတ်ရောင်း ဈေးနှုန်းထက် ပိုမိုရောင်းချမှု မရှိစေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများ မရှိစေရေး ကွင်းဆင်း စစ်ဆေး ကြတ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း အချိန်မီရရှိရေး၊ အရည်အသွေးပြည့်ဝစေရေး၊ မှန်ကန်သည့် ဈေးနှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် တိုက်ရိုက်ဝယ်ယူ အသုံးပြုနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာန အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချမှု အခြေအနေများနှင့် ရန်ကုန် အထိုင်ဈေးနှုန်း ထုတ်ပြန်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်