ဇူလိုင် ၁၆၊ ၂၀၂၆ ခုနှစ်
****
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇူလိုင်လ ၁၆ ရက် နံနက် ၉း၃၀ နာရီတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာန (၁၁) ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြားရာ၌ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် (ဒုတိယနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို တက္ကသိုလ်ဘဝ ပထမဆုံး ခြေလှမ်းကို ဂုဏ်ပြုရန်နှင့် တက္ကသိုလ်၏ အစဉ်အလာကောင်းကို ထိန်းသိမ်းရန်ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း၊ မိမိတို့တက္ကသိုလ်သည် အမျိုးသားရေးနှင့် လူမှုရေးစိတ်ဓာတ် အခြေခံ ပြည့်ဝသော လူမှုစီးပွားရေးပညာတတ်များ မွေးထုတ်ပေးရာနေရာဖြစ်ပြီး၊ ဒုတိယနှစ်တွင် မိမိတို့ ကြိုက်နှစ်သက်ရာ အဓိကမေဂျာ ၅ ခုဖြစ်သည့် စာရင်းကိုင်နှင့်ဘဏ္ဍာရေး၊ အသုံးချစာရင်းအင်း၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှု၊ ဒေသဆိုင်ရာဖွံဖြိုးမှုနှင့် လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု ပညာရပ်များကို ရွေးချယ်သင်ယူကာ အနာဂတ်အကျိုးပြုပညာရှင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်း ရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် တက္ကသိုလ်သည် ဘွဲ့တစ်ခုတည်းအတွက်မဟုတ်ဘဲ အသိပညာ၊ တွေးခေါ်မှုနှင့် ကျင့်ဝတ်များကိုပါ ပျိုးထောင်ပေးသည့်နေရာဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာသင်ခန်း ပြင်ပလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ရန်၊ တသက်တာ သင်ယူလိုစိတ် မွေးမြူရန်နှင့် စည်းကမ်းလိုက်နာကာ တက္ကသိုလ်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းကြရန် မှာကြားပြီး၊ ဆရာ၊ ဆရာမများကလည်း ကျင့်ဝတ်နှင့် လူမှုတာဝန်သိသော လူငယ်များဖြစ်အောင် အစဉ်အမြဲ လမ်းညွှန်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မောင်မယ်သစ်လွင်များအားလုံးသည် တက္ကသိုလ်၏ ကိုယ်စားပြုသူများ ဖြစ်သကဲ့သို့ ရည်မှန်းချက်မြင့်မြင့်ထား၍ အိပ်မက်ကြီးကြီးမက်ပြီး ကြုံတွေ့ရမည့် အခက်အခဲများ ကို အရှုံးမပေးဘဲ ရင်ဆိုင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ စိုက်ပျိုးလိုက်သည့် အသိပညာနှင့် ကြိုးစားမှုများသည် နောင်တစ်နေ့၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်များ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် တက္ကသိုလ်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ပညာရည်၊ အကျင့်စာရိတ္တနှင့် လူမှုတာဝန်ယူမှုပြည့်ဝသည့် ဘွဲ့ရပုဂ္ဂိုလ်များ ဖြစ်ကြပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းများမှ လူရည်ချွန်များ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ရမှတ်အများဆုံးဖြင့်ဆုရရှိသူများနှင့် ပထမနှစ်သင်တန်းတွင် အဆင့်လိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) တို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ် မောင်သစ်လွင် (Fresher King) ၊ မယ်သစ်လွင် (Fresher Queen) နှင့် People Choice Boy၊ People Choice Girl ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးခဲ့ပြီး တက်ရောက်လာသူများ၏ မဲပေး ရွေးချယ်မှုဖြင့် ဆုရရှိသူများကို ရွေးချယ်ခဲ့ကြသည်။
ရွေးချယ်ခံရသည့် Fresher King နှင့် Fresher Queen တို့အား စလွယ်၊ ဒိုင်းဆုနှင့် အမှတ်တရလက်ဆောင်များ ၊ People Choice Boy နှင့် People Choice Girl တို့အား စလွယ်၊ ဒိုင်းဆုနှင့် အမှတ်တရလက်ဆောင်များကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)နှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန၊ ဌာနမှူးတို့က အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြပြီး ယခင် King and Queen, People Choice Award ရရှိသူများမှ စလွယ်နှင့် သရဖူများကို လွဲပြောင်းပေးအပ်ခဲ့ကြသည်။ ၎င်းနောက် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်