ဇူလိုင် ၂၃ ၊၂၀၂၆ခုနှစ်
--------------
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ဝါဏိဇ္ဇဗေဒဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို (၂၃-၇-၂၀၂၆)နေ့၊ နံနက် (၀၈:၀၀) နာရီတွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ဆရာမများနှင့် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု)မေဂျာမှ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား/ကျောင်းသူများမှ "မြတ်ဆရာ" သီချင်းဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများမှ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဈေးကွက်စီးပွားရေးစနစ်ကို အကောင် အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် MSME လုပ်ငန်းများနှင့်ကုမ္ပဏီများ တိုးတက်အောင်မြင် လာသည်နှင့်အမျှ စာရင်းကိုင်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာကြောင်း၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာရပ်သည် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ နှင့် နိုင်ငံတော်၏ ဘတ်ဂျက်ရေးဆွဲရာတွင် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုးစားလေ့လာကြရန် တိုက်တွန်းပါကြောင်း၊ ယခုဘာသာရပ်ကို တတ်မြောက်ပါက ကုမ္ပဏီများ၊ ဘဏ်များ၊ အစိုးရအဖွဲ့အစည်းများ၊ NGO နှင့် INGO များ၊ Microfinance လုပ်ငန်းများတွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်သည့်အပြင် လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA) သင်တန်းသို့လည်း တိုက်ရိုက် တက်ရောက်ခွင့်ရရှိမည်ဖြစ်သောကြောင့် ရည်မှန်းချက်ထားပြီး ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နှင့် ကြိုးစားသွားကြရန်လိုကြောင်း၊ ဂါရဝဝေါစ နိဝါတောစ ပူဇော်ထိုက်သူများကို ပူဇော်ရသည့် အကျိုးအားကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ဉာဏ်ပညာ ဘုန်းတန်ခိုးနှင့် ပြည့်စုံခြင်း၊ ကောင်းကျိုးလိုရာဆန္ဒများနှင့် ပြည့်စုံကြပါစေကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာမေးပွဲများကို အခက်အခဲမရှိ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်၍ ဘွဲ့ရရှိချိန်တွင် လစာကောင်းမွန်သော အလုပ်အကိုင်များရရှိပြီး နိုင်ငံတော်က အားထားရသည့် ထူးချွန်သော လူတော်လူကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)နှင့် ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က မောင်မယ်သစ်လွင်များ အတွက် ကြိုဆိုနှုတ်ခွန်းဆက် သြဝါဒစကားများ ပြောကြားခဲ့ကြသည်။ ဆက်လက်၍ စာရင်းကိုင် နှင့် ဘဏ္ဍာရေးပညာ (အထူးပြု) စတုတ္ထနှစ် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယနှစ်ကျောင်းသူတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး အစီအစဉ်အရ King & Queen, Prince & Princess, People Choice Award (Fourth Year) နှင့် Best In Catwalk ရွေးချယ်ပွဲကို ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးခဲ့ပြီး တက်ရောက်လာသူများ၏ မဲပေးရွေးချယ်မှုဖြင့် ဆုရရှိသူများကို ရွေးချယ်ခဲ့ကြသည်။ ရွေးချယ်ခံ ရသည့် King & Queen, Prince & Princess, People Choice Award (Fourth Year) နှင့် Best In Catwalk တို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်များကို ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ စာရင်းအင်းပညာဌာန၊ ပါမောက္ခ(ဌာနမှူး)၊ ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ယခင်နှစ် King, Queen နှင့် Prince, Princess ရရှိသူများမှ စလွယ်နှင့် သရဖူများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို နေ့လယ် (၂:၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်