နေပြည်တော် ဩဂုတ် ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာခန်းမတွင် သမဝါယမအသင်းသားတောင်သူများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာလူထု၏ စည်းလုံးညီညွတ်မှုအားဖြင့် ကျေးရွာဘက်စုံဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်ကျ သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်စေရေးနှင့် အသင်းသားတောင်သူများ စိုက်ပျိုးသည့် သီးနှံအလိုက် လိုအပ်သည့် သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကလည်း အသင်းသားတောင်သူများ၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပံ့ပိုးပေးလျက်ရှိသဖြင့် သီးထပ်သီးညှပ် ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားပြီး သမဝါယမအသင်းသား တောင်သူများနှင့် ကျေးရွာသူကျေးရွာသားများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေ သည့် ဝက်မွေးမြူရေးလုပ်ငန်းကိုလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း RBF စီမံကိန်းရန်ပုံငွေဖြင့် အစုအဖွဲ့စနစ် ကျွဲမွေးမြူရေးလုပ်ငန်းကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသော “ခိုင်မာ” စက်ချုပ်လုပ်ငန်းကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ သမဝါယမစနစ်အခြေပြု ကျေးလက်ဖွံ့ဖြိုးရေး (Cooperative based Rural Development - CBRD) အတွက် ကျင်းပပြုလုပ်သော “သမဝါယမစနစ်စီးပွားရေး ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် အစုအဖွဲ့ စနစ်ဖြင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေး” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြော ကြားသည်။
အခမ်းအနားတွင် စာတမ်းရှင် (၇) ဦးက “သမဝါယမအသင်းများ၏ လက်ရှိအခြေအနေ သုံးသပ် ခြင်းနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း”၊ “သမဝါယမစနစ်-အစုအဖွဲ့စနစ်ကို ယုံကြည်မှုတည်ဆောက် ရန်အတွက် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ခြင်း”၊ “သမဝါယမအစုအဖွဲ့စနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုမြှင့်တင်ခြင်း”၊ “အသေးစား ကုန်ထုတ်လုပ်ငန်းရှင် မျိုးတူအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းကြောင့် ရရှိလာသော ကုန်ထုတ်လုပ်မှု အကျိုးဆက်များ”၊ “သမဝါယမအစုအဖွဲ့စနစ်ကို အခြေခံသော ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင် ရွက်ခြင်း”၊ “မြန်မာနိုင်ငံရှိ ရေရှည်တည်တံ့ခိုင်မြဲသော သမဝါယမဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုမှတစ်ဆင့် သမဝါယမစွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ခြင်း”၊ “MSME နှင့် သမဝါယမအသင်းများတွင် စာရင်းကိုင်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုပညာဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုအား လေ့လာဆန်းစစ်ခြင်း” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးရှင်းလင်း ဆွေးနွေးကြပြီး ဝန်ထမ်းများက သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် စာတမ်းခေါင်စဉ်အလိုက် ဦးစီးဌာနများမှ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက် Outcome ရလဒ်များအရ စနစ်ကျသောစိုက်ပျိုးရေးစနစ်ဖြစ်ရန်၊ သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာရန်၊ သမဝါယမ စနစ်ကို အခြေခံသည့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲ ရေး ဆောင်ရွက်ခြင်းနှင့် Action Plan များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်