နေပြည်တော် ဩဂုတ် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ခရိုင်အဆင့် မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စနစ်ကျသော သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်စေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး၊ ကျေးလက် လမ်း၊ တံတား၊ ရေ၊ မီး ရရှိရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစီးဌာနအချင်းချင်း တက်ညီလက်ညီ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ နောင်ဝယ်ကျေးရွာသို့ သွားရောက်၍ ကောင်းမြန်မာ နို့စားနွားမွေးမြူရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းဥက္ကဋ္ဌ၊ အသင်းသားများနှင့် တွေ့ဆုံခဲ့ပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုများအပေါ် စနစ်ကျသော မွေးမြူရေး လုပ်ငန်းဖြစ်စေရန်၊ ထုတ်ကုန်များအား အဆင့်မြှင့်တင်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ ဒေသနွား (၂၇) ကောင်၊ ဖရီရှန်နို့စားနွား (၉၇) ကောင် မွေးမြူထားမှုကိုလည်းကောင်း၊ စက်ဖြင့် နွားနို့ညှစ်ခန်းကိုလည်းကောင်း၊ နွားစာသိုလှောင်ရုံကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် Royal Ruby Flower တန် ၁၅၀ ဆန်စက်သို့သွားရောက်၍ ကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုတ်ပိုးမှုစနစ်များကို ကြည့်ရှုစစ်ဆေး ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ပတ်ဝန်းကျင်မြို့နယ်များမှ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ အသင်းစုချုပ် ဥက္ကဋ္ဌနှင့် စက်ရုံ တာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဆန်စက်လုပ်ငန်းရှင်များက တောင်သူများထံမှ စပါးဝယ်ယူကြိတ်ခွဲမှု၊ ဆန်စက်များ လည်ပတ်မှုအခြေအနေများကိုလည်း ကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သမဝါယမအသင်းသားတောင်သူများ၏ စိုက်ပျိုးမြေများမှ ထွက်ရှိသော စပါးများကို သမဝါယမအသင်းပိုင်ဆန်စက်များနှင့် ပြန်လည်ဝယ်ယူကြိတ်ခွဲပေးခြင်း ဖြင့် အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမည်ဖြစ်ပြီး အသင်းသားများ၏ အကျိုးစီးပွား တိုးမြင့်လာမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့် ဆန်စက်များ တည်ဆောက်ခြင်းဖြင့် ပြည်တွင်း ဖူလုံစွာစားသုံးနိုင်သည်သာမက ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင် ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူအားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့သို့သွားရောက်၍ စဉ့်ကိုင်မျိုးစေ့ထုတ် သမဝါယမ အသင်းမှ အမှုဆောင်များ၊ အသင်းသားများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက မျိုးစေ့ထုတ်သမဝါယမအသင်းများ ပိုမိုပေါ်ပေါက်လာစေရေး၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်၍ အခြားသော စိုက်ပျိုးရေးသမဝါယမအသင်းများသို့ ပံ့ပိုးပေးနိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး အသင်းသားတောင်သူများနှင့် ကျေးရွာသူကျေးရွာသား များ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက် ပြီး ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူ ဦးထွေးထွေး၏ လယ်မြေ (၅) ဧကတွင် ဧရာပဒေသာ မျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းကလည်း ပုသိမ်ကြီးမြို့နယ် သမဝါယမကောလိပ်သို့ သွားရောက်၍ ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ ဆက် လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်