Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမကောလိပ်(ဖောင်ကြီး)ရှိ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး၊ လှည်းကူးမြို့နယ်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည်ရှု့အားပေး


19 Aug,2026

နေပြည်တော် ဩဂုတ် ၁၈

          သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ်(ဖောင်ကြီး)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း နှင့် လှည်းကူးမြို့နယ်အတွင်း သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမကောလိပ် (ဖောင်ကြီး)သို့ ရောက်ရှိပြီး ကောလိပ်ဘက်စုံသုံးခန်းမ၌ ကောလိပ်မှ ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများ၊ လှည်းကူးခရိုင်အတွင်းမှ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်း များနှင့် တွေ့ဆုံရာ သမဝါယမကောလိပ်(ဖောင်ကြီး)မှ ကျောင်းအုပ်ကြီးက ကောလိပ်၏ သမိုင်း အကျဉ်းချုပ်၊ ကောလိပ်မှ ပုံမှန်ဖွင့်လှစ်သည့်သင်တန်းများ၊ ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်နိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း တင်ပြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကောလိပ်ရှိ စာသင်ဆောင်နှင့် အိပ်ဆောင်များ ဥပဓိရုပ်ကောင်း အောင်လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်ကြားရေးပိုင်းတွင် ဆရာ၊ ဆရာမ အင်းအားလိုအပ်သလိုဖြည့်တင်းခန့်ထားရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများမှလည်း စွမ်းရည်ရှိပြီး ကောလိပ်၏ မျှော်မှန်းချက်အတိုင်း ကျောင်းသားကျောင်းသူများကို အမှန်တကယ် တတ်မြောက်ရန် သင်ကြားပေးရန်လိုအပ်ကြောင်း၊ ယဉ်ကျေးပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသော ကျောင်းသားများ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပြီးလုပ်ငန်းခွင်တွင် အမှန်တကယ် လုပ်နိုင်စွမ်းရှိသော အသုံးချနိုင်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်သော သင်ကြားရေးဖြစ်ရန်လိုအပ်ကြောင်း၊ သမဝါယမစနစ်၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကို ကျောင်းသား ကျောင်းသူများသိရှိစေရေး သင်ကြားပေးရန်နှင့် ပြန်လည်အသုံးချနိုင်ရန်လိုအပ်ကြောင်း ပြောကြား ပြီး ဝန်ထမ်းများ၏ တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ကောလိပ်ဝန်းအတွင်းရှိ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများ လှည့်လည်ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ ရဲမွန်ခေတ်မီစံပြကျေးရွာ သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး စီမံကိန်း အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ထားသည့် ဦးစိုးနိုင်၏ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် Fun Hwa နို့စားနွားမွေးမြူရေးလုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုပြီးနောက် ကျေးရွာဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ  လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ရဲမွန်ခေတ်မီစံပြကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်အစုအဖွဲ့ပုံစံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ ဖြစ်စေရေးနှင့် သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍   တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)များ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဒေသဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစီးဌာန အချင်းချင်း ပူးပေါင်းချိတ်ဆက်ကာစေတနားထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊

စနစ်ကျသော နို့စားနွားမွေးမြူရေးကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး ပံ့ပိုးဆောင်ရွက်နေသလို ကျေးလက်ပြည်သူအစုအဖွဲ့ များကလည်း ပူးပေါင်းထည့်ဝင်ဆောင်ရွက်နေတာကို တွေ့ရတာဝမ်းသာပါကြောင်း၊ ဦးဆောင် သူများအနေဖြင့် နို့ထွက်နှုန်းကောင်းအောင် ဖြည့်စွက်စာများလည်း ကျွေးရန်လိုအပ်ကြောင်း၊ Value  Added အဖြစ် ဒိန်ချဉ်အပါအဝင် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရန်ရောင်းချနေသော Fun Hwa နို့ချက်စက်ရုံနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှသာ ဈေးကွက်သေချာစွာရရှိမှာဖြစ်ပါကြောင်း၊ တောင်သူများနှင့် မွေးမြူသူများ အဆင်ပြေအောင် နိုင်ငံတော်မှ လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ တောင်သူများမှလည်း ကိုယ်တိုင်ပါဝင်မှ ရမည်ဖြစ်၍ ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ဒေသခံပြည်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝါးနက်ကုန်(မြောက်)ကျေးရွာ၊ အဝိုင်း(အထက်) ကျေးရွာနှင့် အင်းထားဝယ်ကျေးရွာတို့အတွက် ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀ စီအားလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မာရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အလံဂပိုကျေးရွာအတွက် စီမံကိန်း ထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ သက်တန့်ရောင်စီမံကိန်း စနစ်ကျ သောအစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးရေးအကောင်အထည်ဖော်ဆောင်ရွက်မည့် ဟိုင်းကူးကျေးရွာ၊ ပိုက်ကြီးဝဲကျေးရွာနှင့် ငွေနံ့သာစံပြကျေးရွာတို့အား မျိုးနှင့် သွင်းအားစုများ ဝယ်ယူနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၆၈၈ သိန်းတို့အား ကျေးရွာကော်မတီဝင်များထံ အသီးသီး လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်