Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မော်လမြိုင်ကျွန်းမြို့နယ်၊ ဧက (၅၀၀) စနစ်တကျ စုပေါင်းစိုက်ရေးဆောင်ရွက်နေသည့် တောင်သူများနှင့်တွေ့ဆုံ


20 Aug,2026

နေပြည်တော် ဩဂုတ် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် သမဝါယမစနစ်ကို အခြေခံ၍ စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဧက(၅၀၀)စနစ်တကျ စုပေါင်းစိုက်ရေး ဆောင်ရွက်နေသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ်၊လယ်ကိုင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ် ပို့ချခဲ့သော အခြေခံ စက်ချုပ်သင်တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်းတို့မှ သင်တန်းဆင်းပြီး လုပ်ငန်း ပစ္စည်းများ ထောက်ပံ့ ပေးထားသော သင်တန်းသားများ စက်ချုပ်ဆိုင်လုပ်ငန်းနှင့် ဆိုင်ကယ်ပြုပြင် ရေးလုပ်ငန်း  ဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ် နိုင်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်း ပိုမိုအောင်မြင်စေရေး တီထွင်ကြံဆဆောင်ရွက်ကြရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ ကျိုက်လတ်ကလေး ကျေးရွာနှင့်ရွာသာကြီးကျေးရွာတို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်ထည့် ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှု ၂၀ ရာခိုင်နှုန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ ၂၀ရာခိုင်နှုန်းဖြင့်  အစိုးရ-ပြည်သူ-ပုဂ္ဂလိက အချိုးကျပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့ သည့် ဆိုလာအသေးစားဓာတ်အားပေးနစ်(Solar Mini-Grid) ဓာတ်အားစနစ် တိုးချဲ့တပ်ဆင်ဆောင် ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး က ပုဂ္ဂလိက ပြည်သူပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှု ကောင်းကောင်းပေးရန်လိုအပ်ကြောင်း၊ ကော်မတီများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြ ရန်လိုကြောင်း၊ ရေရှည်ထိန်းသိမ်းရန်နှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လျှပ်စစ်ဓာတ်အား အချိန်ပြည့်ရရှိရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာ ကြားပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စု ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာခန်းမဆောင်၌ အောင်နိုင်တိုး စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ အသင်းအမှုဆောင်များ၊ အသင်သားတောင်သူများ၊ မရဲ့အုန်းပင်စု၊ ရေကျော်၊ သုံးအိမ်တန်း၊ မစိုးရိမ် ကျေးရွာတို့မှ ဧက (၅၀၀) စနစ်တကျ စုပေါင်း စိုက်ရေးဆောင်ရွက်နေသည့် တောင်သူများနှင့် တွေ့ဆုံရာ သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက သမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျစိုက်ပျိုးရေးလုပ်ငန်း အခြေအနေများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်းများတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေများကိုရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တောင်သူခေါင်း ဆောင် ဦးတင်အောင်သန်းက တောင်သူများ တဆက်တစပ်တည်း စုဖွဲ့ခဲ့မှုများ၊ စုပေါင်းထွန်းယက်ပြီးစီးမှု၊ စုပေါင်းစိုက်ပျိုးခဲ့မှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် လုပ်ငန်းရှင် အောင်နိုင်သစ္စာကုမ္ပဏီမှစနစ်တကျ ထွန်းယက်စိုက်ပျိုးခဲ့မှု အခြေအနေများ၊ စုပေါင်းဆောင်ရွက်မှုကြောင့် စိုက်ပျိုးစရိတ် သက်သာမှုများ၊ ထွန်ယက်စရိတ်သက်သာမှု အခြေ အနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် စုပေါင်းဆောင်ရွက်သည့် သမဝါယမစနစ်ကို ကျင့်သုံး၍ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့်အညီ ကျေးလက်ဒေသဘက် စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နေပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ပုဂ္ဂလိက တောင်သူ သမအသင်းများပူးပေါင်းပြီး အစုဖွဲ့စနစ်စုပေါင်းလယ်ယာဆောင်ရွက်နေကြောင်း၊ စနစ်ကျစုပေါင်း ဆောင်ရွက်မှုကြောင့် ထုတ်လုပ်မှု စရိတ်သက်သာတာ လက်တွေ့ပင်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင် စေရေးကို ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများမှ စည်းရုံဆောင်ရွက်ပေးလိုပါကြောင်း၊ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးသည် သွင်းအားစုများ အချိုးညီညီ စနစ်တကျ သုံးစွဲရန်လိုအပ်ကြောင်း၊ ဒေသခံ တောင်သူများ အနေဖြင့်လည်း ဈေးကွက်ဝင်မျိုး၊ ရာသီဥတု ရေမြေသဘာဝနှင့် ကိုက်ညီသည့် မျိုးများကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစု ဓာတ်မြေဩဇာများ အချိန်မီရရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို သက်ဆိုင်ဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း ဆောင်ရွက် ပေးမှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူ များ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေး စာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)သို့ သွားရောက်ပြီး သင်တန်းကျောင်း ခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက  ဌာန အလိုက် ကျေးလက်လူမှု့စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သင်တန်းကျောင်းဖွင့်လှစ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ဦးစီဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ကာ လုပ်ငန်းများ ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူပူးပေါင်းပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း၊ ပြည်သူကိုယ်တိုင် စီမံခန့်ခွဲသော စီမံကိန်းများဖြစ်စေရေး စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်း ကျောင်းအနေဖြင့် သင်တန်းနည်းပြများ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုအပ် ကြောင်း၊ နိုင်ငံတော်မှပညာရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းဆင်းလျှင်လည်း အလုပ်အကိုင်အခွင့်လမ်းရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူ များအား အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ ကျောင်းသားကျောင်းသူ များမှလည်း ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်