Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စိမ်းလန်း၊ သန့်ရှင်း၊ ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်နှင့် ကျန်းမာရေးစနစ် ကောင်းမွန်သောကျေးရွာများနှင့် ခေတ်မီစနစ်ကျသော စိုက်ပျိုး မွေးမြူရေးလုပ်ငန်း ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်


27 Aug,2026

နေပြည်တော် ဩဂုတ် ၂၇

နိုင်ငံ့လူဦးရေ၏ ၆၉ ရာခိုင်နှုန်းကျော် မှီတင်းနေထိုင်ရာ ကျေးလက်ဒေသရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာစေမှာဖြစ်တဲ့အတွက် နိုင်ငံတော် အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားမြင့်မားရေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူ တို့၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်မြှင့်တင်ရေးကို ဦးတည်ချက်ထား၍ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် မဟာဗျူဟာများ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက် ပိုင်းက ရုံးအမှတ်(၁၆)၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး တွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောကြားခဲ့ခြင်းဖြစ်ပါ သည်။

ဆက်လက်၍ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယခုအစည်းအဝေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ရေးနှင့်ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတူတကွဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေး ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လိုအပ်သော အရင်းအနှီး၊ သွင်းအားစု၊ နည်းပညာနှင့် လူသားအရင်းအမြစ်များကို တစ်ဦး တစ်ယောက်ချင်း သီးခြားဆောင်ရွက်ပါက အခက်အခဲနှင့် အဆင်မပြေမှုများရှိနိုင်ပါကြောင်း၊ ဒါကြောင့် သမဝါယမစနစ်ဖြင့် စနစ်တကျ စုပေါင်းဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများလွယ်ကူ လျင်မြန်၍ လေလွင့် ဆုံးရှုံးမှုကို လျော့ချနိုင်ပြီး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အရည်အသွေးမီ ပိုမိုထုတ်လုပ် လာနိုင်မှာဖြစ်ပါကြောင်း၊ ဒေသထွက် စိုက်ပျိုး မွေးမြူရေး ကုန်ကြမ်းများကို အခြေခံ သည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးနှင့် ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရရှိလာစေရေးတို့ကို ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်ဆောင်ရွက်‌ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ စိမ်းလန်း၊ သန့်ရှင်း၊ ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်နှင့် ကျန်းမာရေးစနစ် ကောင်းမွန်သောကျေးရွာများ၊ ခေတ်မီစနစ်ကျသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာများဖော်ဆောင်သည့် အခါမှာလည်း ကော်မတီဝင်ဌာနများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်မှာဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ကော်မတီဝင်ဌာနများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်လအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ရန်လျာထားမှု အခြေ အနေများနှင့် ကော်မတီဝင်ဌာနများနှင့် လုပ်ငန်းကဏ္ဍများ အလိုက်ပူးပေါင်းဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ကော်မတီဝင် ဝန်ကြီးဌာနအသီးသီးမှ ကျေးလက်အခြေခံအဆောက်အအုံလုပ်ငန်း ဆိုင်ရာ လမ်း၊ တံတား၊ ရေပေးရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ စားရေရိက္ခာဖူလုံရေးဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများ၊ သွင်းအားစုနှင့် အရင်းမပျောက် ရန်ပုံငွေထူထောင် ပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ လူမှုရေးကဏ္ဍဆိုင်ရာ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် လိုအပ်ချက် များကို ဖြည့်စွက် ဆွေးနွေးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်၊ သဘာဝဘေးအန္တရာယ်ခံနိုင်အောင် ကြိုတင်မျှော်တွေးဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုပြီး တိုက်ရိုက်အကျိုးရရှိစေနိုင်မည့် လုပ်ငန်းများကိုဆောင်ရွက်ကြရန်၊ ဆောင်ရွက်သည့်အခါတွင်လည်း မိမိတို့ တစ်ဖွဲ့တည်းဆောင်ရွက်၍ မရနိုင်တာကြောင့် ပြည်သူလူထု စုပေါင်းအင်အားများကိုရယူပြီး Onwership Mindset ရှိအောင် ကြိုတင်ဆောင်ရွက်ပေးရန်နှင့် ကော်မတီဝင်ဌာနများမှ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်