နေပြည်တော် စက်တင်ဘာ ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမ စနစ် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် မန္တလေးနို့ချက် စက်ရုံသို့ သွားရောက်ပြီး နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်နေမှု အခြေအနေများ လှည့်လည် ကြည့်ရှု အားပေးရာ သက်ဆိုင်ရာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီးလိုအပ် သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမ အသင်းများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးစုချုပ်နှင့် မြို့နယ်အသင်းစုတာဝန်ရှိသူများက ကုန်ထုတ်လုပ် မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ တိုးချဲ့ဆောင်ရွက်နေမှုများ၊ ရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူ ရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတော်သမ္မတကြီးမှ မိရိုးဖလာစိုက်ပျိုးရေးမှ စနစ်တကျ စိုက်ပျိုးရေးသို့ ကူးပြောင်းဆောင်ရွက်ရန်လိုကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိအောင်ဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ ဒါ့ကြောင့်သမဝါယမအသင်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးတွင် ပါဝင်ဆောင်ရွက်နေမှုသည် အလွန်အရေးကြီးပါကြောင်း၊ သမဝါယမအသင်းများ အနေဖြင့် သမဝါယမစနစ်ပြီပြင်စွာဖြစ်ပေါ်လာစေရန်၊ ခိုင်မာအားကောင်းသော စံပြအသင်းများ ဖြစ်စေရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကမောင်းနှင်းအားဖြစ်စေရန်၊ ကိုယ်အားကိုယ်ကိုးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန်(၁၅ဝ)ကျဆန်စက် လည်ပတ်ဆောင်ရွက်နေမှု အဆင့်ဆင့်အား လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်ကြမ်းရရှိရေး၊ စုပေါင်းစိုက်ပျိုးဆောင်ရွက်သည့် သမဝါယမအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဆောင်းဒါး၊ရက်ကန်းနှင့် သက်မွေးပညာသိပ္ပံသို့ ရောက်ရှိကြည့်ရှုရာ ကျောင်းအုပ်ကြီးမှ ဖွင့်လှစ်လျက်ရှိသော ချည်မျှင်နှင့်အထည်အလိပ် အတတ်ပညာ ဒီပလိုမာ (၁)နှစ် သင်တန်း၊ လက်ရက်ကန်း (၆)လသင်တန်း၊ ရိုးရာလွန်းရာကျအချိတ်သင်တန်း၊ ရွှေချည်ထိုးငွေချည်ထိုး သင်တန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရက်ကန်းပညာအခြေပြု အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ဆောင်ရွက်ရန်၊ ခေတ်မီဒီဇိုင်းများ ဖော်ထုတ်ဆောင် ရွက်ရန်နှင့် သင်တန်းသားသင်တန်းသူများ၏ နေထိုင်စားသောက်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး စက်ရက်ကန်း၊ လက်ရက်ကန်း ရွှေချည်ထိုး ငွေချည်ထိုး သင်တန်းလက်တွေ့သင်ကြားနေမှုများကို ကြည့်ရှု့အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)သို့ ရောက်ရှိပြီး ကောလိပ်မှ ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်း များနှင့် တွေ့ဆုံရာ သမဝါယမကောလိပ်(မန္တလေး)မှ ကျောင်းအုပ်ကြီးက ကောလိပ်၏ သမိုင်း အကျဉ်းချုပ်၊ ကောလိပ်မှ ပုံမှန်ဖွင့်လှစ်သည့်သင်တန်းများ၊ ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်နိုင်မှု ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သင်ကြားရေးပိုင်းတွင် ဆရာ၊ ဆရာမ အင်းအားလိုအပ်မှုဖြည့်တင်းခန့်ထားရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများမှလည်း စွမ်းရည် ရှိပြီး ကောလိပ်၏ မျှော်မှန်းချက်အတိုင်း ကျောင်းသား ကျောင်းသူများကို အမှန်တကယ်တတ် မြောက်ရန်သင်ကြားပေးရန်လိုအပ်ကြောင်း၊ အလုပ်အကိုင် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နောက် ကောလိပ်ဝန်းအတွင်းရှိ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများ လှည့်လည် ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်