ကြံခင်းမြို့နယ် ကြံတောစံပြကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ထုတ်ချေး
************************************************************************
ကြံခင်း ၊ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန်၊ အဆိုပါလုပ်ငန်းများကို အစုအဖွဲ့ စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ကြံတောစံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက ချေးငွေထုတ်ချေးရာတွင် လိုက်နာရန် စည်းကမ်းသတ်မှတ် ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ်သိန်းသုံးရာကို ကြံတော ကျေးရွာ RBF စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကြံတောကျေးရွာ RBF စီမံကိန်းလုပ်ငန်းအဖွဲ့က အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့ ၄ ဖွဲ့အား တစ်ဖွဲ့လျှင် ရန်ပုံငွေကျပ် ၇၅ သိန်းစီကို စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်