ရေကြည်မြို့နယ် ကျေးရွာနှစ်ရွာ၌ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
====================================================================================
ရေကြည်၊ အောက်တိုဘာ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံစွာရရှိစေရေးအတွက် တူးဖော်ထားခဲ့သော ရေအရင်းအမြစ်များ လည်ပတ်သုံးစွဲမှုအခြေအနေနှင့် သောက်သုံးရေဖူလုံစွာရရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို (၂၈-၁၀-၂၀၂၆)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေး၊ မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးနှင့် ဝန်ထမ်းများက မိဿလင်ကျေးရွာအုပ်စု၊ မိဿလင်ကျေးရွာနှင့် ဒရယ်ကုန်းကျေးရွာတို့၌ အယ်လ်နီညိုကျရောက်ပါက သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေလှောင်ကန်များ အတွင်း ရေစုဆောင်းထားရှိမှုအခြေအနေများ၊ ဌာနမှဆောင်ရွက်ခဲ့သောရေအရင်းအမြစ်များ လည်ပတ်သုံးစွဲမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ ရေရှားပါးမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေစုကန်များနှင့် ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းသုံးစွဲရန် ဆွေးနွေးပြောကြားပြီး ပြည်သူများ၏တင်ပြချက်အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်