ခန့်ဇော်(ကျေးလက်)
ရာသီဥတုဆိုင်ရာဗဟိုဌာနများရဲ့ ၂၀၂၆ ခုနှစ် လေ့လာဆန်းစစ်ချက်များအရ လက်ရှိ ပိစိဖိတ်သမုဒ္ဒရာပြင်အတွင်းဖြစ်ပေါ်နေသော အယ်လ်နီညို (El Niño) ဖြစ်စဉ်သည် Super El Niño အဆင့်အထိ အလွန်အားကောင်းလာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ အဓိက ခန့်မှန်းချက်များကတော့-
(က) ၂၀၂၆ အောက်တိုဘာမှ ၂၀၂၇ ခုနှစ်အစောပိုင်းအထိ အားအကောင်းဆုံး အဆင့် ရောက်ရှိနိုင်ခြင်း၊
(ခ) သမုဒ္ဒရာရေမျက်နှာပြင်အပူအချိန်သည် ပုံမှန်ထက် +25°C မှ +3 °C ကျော်အထိ မြင့်တက်လျက်ရှိပြီး အပြင်းထန်ဆုံး စံချိန်တင်ခဲ့သည့် ၁၉၉၇-၁၉၉၈ ခုနှစ်နှင့် ၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုဖြစ်စဉ်များထက် ပိုပြင်းထန်နိုင်ခြင်း၊
တို့ဖြစ်ပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း အယ်လ်နီညိုနှင့် ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်ထားရှိပါတယ်။
မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်သည့်ရာသီဥတုဖြစ်စဉ်များ
မြန်မာနိုင်ငံအနေနဲ့ တွေ့ကြုံရနိုင်တဲ့အခြေအနေတွေကိုလည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားရှိတာတွေ့ရပါတယ်-
(က) အပူချိန်မြင့်တက်ခြင်း။ နွေရာသီနှင့် ဆောင်းရာသီတို့တွင် ပုံမှန်ထက်အပူချိန် မြင့်တက်ပြီး အပူလှိုင်းများဖြစ်ပေါ်နိုင်ခြင်း (နေ့အပူချိန်များ ပိုမိုမြင့်မားခြင်း)၊
( ခ ) ဖျက်အားပြင်းမုန်တိုင်းများ ဖြစ်ပေါ်ခြင်း၊
( ဂ ) မိုးရေချိန် လျော့နည်းခြင်း (မုတ်သုံ မိုးနည်းခြင်း၊ မိုးခေါင်ခြင်းများ)၊
(ဃ) မိုးမမှန်ခြင်း (အချိန်အခါမဟုတ် မိုးရွာခြင်း၊ ပုံမှန်ထက်မုတ်သုံအဝင် နောက်ကျခြင်း၊ မုတ်သုံကာလ တိုတောင်းခြင်း)၊
( င ) လျှပ်တစ်ပြက်ရေကြီးခြင်း၊ ရေကြီးမှုကြိမ်ရေနှင့် ပမာဏ မြင့်မားခြင်း၊
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြိုတင် ပြင်ဆင်ထားရှိသင့်သည့် အချက်များကို အကြံပြုထားရှိတာကတော့-
(က) စိုက်ပျိုးရေနှင့် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကြိုတင်စုဆောင်းခြင်း၊ ရေကို ချွေတာသုံးစွဲခြင်းတို့ ပြုလုပ်ရန်၊
(ခ) ကျန်းမာရေးအသိပေးချက်အနေဖြင့် အပူရှပ်ခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါ (Heat Stoke) သတိပြုရန်၊
(ဂ) ပူပြင်းခြောက်သွေ့မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် တောမီးနှင့် မီးဘေးအန္တရာယ် များကို ကြိုတင်ကာကွယ်ရန်တို့ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတက အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည်များနှင့် စပ်လျဉ်း၍ အောက်တိုဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ် များနှင့်တွေ့ဆုံဆွေးနွေးစဉ် “မိမိတို့အနေဖြင့် ကြုံတွေ့လာရနိုင်သည့် ရာသီဥတုဆိုးရွားမှုနှင့်ပတ်သက်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီဥတုပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများထိန်းသိမ်းသုံးစွဲခြင်း၊ အပူရှောင်စခန်းများဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ ရေများ သိုလှောင်စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ခြင်း၊ ကြာရှည်စွာအထားခံ စားသောက်၍ရနိုင်သည့် အသီးအနှံနှင့် စားရေရိက္ခာများကို စုဆောင်းထားရှိခြင်းနှင့် မိုးနှောင်းရာသီသီးနှံများကို ပန်းတိုင်ရည်မှန်းချက် ရသည်အထိ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ပြင်ဆင်ဆောင်ရွက်သွားကြရန်” လမ်းညွှန်မှာကြားထားရှိပါတယ်။ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကလည်း ဦးစီးဌာန၊ တက္ကသိုလ်များအနေနဲ့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်နှင့် တောင်သူများနဲ့တွေ့ဆုံတဲ့အခါများမှာလည်း ကြိုတင် ပြင်ဆင်ရမည်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ အခြားဝန်ကြီးဌာနများ၊ ပြည်နယ်/ တိုင်း ဒေသကြီးအစိုးရအဖွဲ့များမှလည်း အလေးအနက်ထားပြီး အားသွန်ခွန်စိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြပါတယ်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသသန့်ရှင်းသောသောက်ရေနဲ့ လုံလောက်သောသုံးရေရရှိရေးကို အဓိကတာဝန်ယူဆောင်ရွက်နေတဲ့ဌာနဖြစ်တာနဲ့အညီ စူပါအယ်လ်နီညိုကြောင့် သောက်ရေ၊ သုံးရေမပြတ်လပ်အောင် ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ ယခင် ၂၀၁၅-၂၀၁၆ ခုနှစ်မှစ၍ အယ်လ်နီညိုကြောင့် ရေခမ်းခြောက်ခြင်းနဲ့ ရေပေးဝေခြင်းတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံတွေ ရှိပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ယခုကြုံတွေ့ရမှက စူပါ အယ်လ်နီညိုဖြစ်တာကြောင့် ပိုပြီးအလေးထားဂရုပြုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သောက်သုံးရေးရရှိမှုအခြေအနေ
မြန်မာနိုင်ငံဒေသအလိုက်ကျေးလက်ဒေသသောက်သုံးရေရရှိမှု၊ သုံးစွဲမှုအခြေအနေဟာ ၂၀၁၄ သန်းခေါင်စာရင်း၊ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနှင့် ၂၀၂၃ သန်းခေါင်စာရင်း ထုတ်ပြန်ချက်များအရ တိုးတက်လာတာ တွေ့ရပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ရေရရှိရေးကို မဟာဗျူဟာ (Strategy) များ ရေးဆွဲဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၃၀ မှာ ၁၀၀% လွှမ်းခြုံရန် မျှော်မှန်းထားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျေးလက်ဒေသရေရရှိရေး လွှမ်းခြုံမှုအခြေအနေက ၈၅% ရှိကြောင်း သိရှိရပါတယ်။
|
စဉ် |
သန်းခေါင်စာရင်းကောက်ယူမှု |
နိုင်ငံတဝှမ်းလွှမ်းခြုံမှု |
မြို့ပြ |
ကျေးလက် |
|
(က) |
၂၀၁၄ သန်းခေါင်စာရင်း |
၆၉.၄% |
၈၇.၁% |
၆၂.၃% |
|
( ခ ) |
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်း |
၈၂% |
၉၂.၃% |
၇၇.၅% |
|
( ဂ ) |
၂၀၂၄ သန်းခေါင်စာရင်း |
၈၈.၃% |
၉၄.၆% |
၈၅% |
၂၀၁၂ - ၂၀၂၆ ကာလအထိ ကျေးလက်ဦးစီးမှ ဆောင်ရွက်နိုင်မှု
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနအနေနဲ့ ၂၀၁၂- ၂၀၁၃ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသအားလုံးကို လွှမ်းခြုံ ဆောင်ရွက်ခဲ့ရာမှာ အလှူရှင်များ၊ ဒေသခံပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်သည့် Strategy ကျင့်သုံးခဲ့ပြီး ရေရှားပါးသောကျေးရွာ၊ ရေမလုံလောက်သောကျေးရွာ၊ ရေမသန့်သည့်ကျေးရွာ များကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ ကျေးရွာပေါင်း (၃၅၂၂၉) ရွာမှာ လုပ်ငန်းပေါင်း (၄၆၉၂၂) ခုကို အောက်ပါရေပေးရေးစနစ်များ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်-
|
(က) |
တွင်းတိမ် |
- |
၆၈၅၁ တွင်း |
|
(ခ) |
တွင်းနက် |
- |
၉၃၀၂ တွင်း |
|
(ဂ) |
လက်တူးတွင်း (ကျယ်) |
- |
၄၃၂၃ တွင်း |
|
(ဃ) |
မြေသားရေကန် |
- |
၅၇၅၉ ကန် |
|
(င) |
စိမ့်စမ်းရေသွယ်တန်းခြင်း |
- |
၅၄၁၄ တွင်း |
|
(စ) |
အခြားရေရရှိရေးလုပ်ငန်းများ |
- |
၁၅၂၇၃ ခု |
အခြားရေရရှိရေးလုပ်ငန်းများအနေနဲ့ကတော့ မြေသားရေကန် အနက်နှိုက်ခြင်း/ ရေစုကန် တည်ဆောက်ခြင်း၊ မြစ်ရေတင်၊ ချောင်းရေတင်လုပ်ငန်းများ၊ အိမ်သွယ်ရေတိုင်စနစ်စသည်တို့ ဖြစ်ပါတယ်။
ရေသန့်စင်စနစ်။ ရေမသန့်သည့်ဒေသများနဲ့ မသန့်စင်သည့် ရေအရင်းအမြစ်များမှရေကို သန့်စင်ပေးနိုင်ရန် ရေသန့်စင်စနစ်များ ဆောင်ရွက်ပေးခဲ့ပါတယ်။ ရန်ပုံငွေ သုံးစွဲမှုအနေနဲ့ နိုင်ငံတော်ဘတ်ဂျက်အပြင် ပြည်တွင်းပြည်ပအလှူရှင်၊ ပြည်သူထည့်ဝင်ငွေ၊ ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူကိုယ်တိုင် စီခံခန့်ခွဲသည့်စီမံကိန်းများဖြစ်သော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ခေတ်မီစံပြ ကျေးရွာ (SMART Village) စီမံကိန်းစသည်တို့ဖြင့်လည်း ချိတ်ဆက်၍ နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရေသန့်စင်စနစ်ပေါင်း (၁၅၃၀)ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
|
(က) |
RO ရေသန့်စင်စနစ် |
၃၇ ခု |
|
(ခ) |
Life Straw ရေသန့်စင်စနစ် |
၂၅၁ ခု |
|
(ဂ) |
Ultrafiltration filter (UF Filter) |
၁,၁၉၀ ခု |
|
(ဃ) |
Slow Sand Filter |
၅၂ ခု |
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရေရှိရေးလုပ်ငန်းပေါင်း (၅၃၁)ခုကို လျာထားခဲ့ပြီး အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိရာ (၇၅%) ပြီးစီးနေပြီး စူပါအယ်လ်နီညိုကာလအတိုင်မီ မြန်မြန်ပြီးလေကောင်းလေမို့ ဇန်နဝါရီလတွင် ၁၀၀% ပြီးစီးအောင် မျှော်မှန်းဆောင်ရွက်လျက် ရှိပါတယ်။
ဦးစီးဌာနအနေနဲ့ ကျေးရွာရေးပေးရေးဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရန် RWS MIS (Rural Water Supply Management Information System) တည်ထောင်ထား ရှိပြီး ကျေးရွာရှိ ရေပေးရေးလုပ်ငန်းများ Function ဖြစ်/ မဖြစ်၊ သန့်ရှင်းသော သောက်သုံးရေ ရရှိနေမှု၊ ရရှိမှုအဆင့်နှင့် တိုးတက်မှုအခြေအနေများကို MIS Dashboard မှတစ်ဆင့် လေ့လာ နိုင်စေရန် စီမံထားရှိပါတယ်။
နှစ်အလိုက်ရေပြတ်လပ်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးဝေရေး ဆောင်ရွက်ပေးနိုင်မှု
ကျေးရွာတိုင်းသည် ရေအရင်းအမြစ်တစ်ခုခုရှိသောနေရာတွင် တည်ရှိကြသော်လည်း အရင်းအမြစ်အလိုက် ကန့်သတ်မှုရှိပြီး ရာသီဥတုပေါ်မူတည်၍ ရေရှားပါးမှု ဖြစ်ပေါ်တတ် ပါတယ်။ ဥပမာ- မြေပေါ်ရေအရင်းအမြစ်ဖြစ်တဲ့ ကန်ရေဖြစ်ပါက မိုးခေါင်သည့်နှစ်တွင် ရေဝင် နည်းပြီး အပူရှိန်ပြင်းပါက ရေစောစောခမ်းကာ ရေရှားပါးမှု ဖြစ်လေ့ရှိပါတယ်။ တွင်းတိမ်နဲ့ လက်တူးတွင်းများဟာလည်း မြေပေါ်ရေ အခြေခံဖြစ်၍ မိုးနည်းပြီး အပူရှိန်ပြင်းပါက ရေထွက် လျော့နည်းတတ်သကဲ့သို့ စိမ့်စမ်းရေထွက်များသည်လည်း သစ်ပင်များ မစိုက်ပျိုးခြင်း၊ သစ်တော မထိန်းသိမ်းခြင်းတို့ကြောင့် မိုးနည်းသည့်နှစ်များမှာ ရေထွက်နည်းလာပြီး ရေရှားတတ်ပါတယ်။ နွေရာသီ ရေရှားပါးမှုဖြစ်လေ့ရှိတဲ့ကျေးရွာများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကြိုတင်စီမံချိတ်ဆက်၍ ရေပေးဝေရေး ဆောင်ရွက်ပေးခဲ့သလို ကျေးရွာတွေကနေ ဆက်သွယ်သတင်း ပေးပို့လာခဲ့ရင်လည်း ဆောင်ရွက်ပေးပါတယ်။ နှစ်အလိုက် ရေပေးဝေမှု ဆောင်ရွက်ခဲ့ရတဲ့ ကျေးရွာအရေအတွက်ဟာ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် အယ်လ်နီညိုကာလမှာ အများဆုံးဖြစ်ပြီး ကျေးရွာပေါင်း (၅၂၇)ရွာ၊ ရေဂါလံပေါင်း (၁၅.၇၂၇)သန်း ပေးဝေခဲ့ရပါတယ်။ ကျေးရွာအရေအတွက်အနေနဲ့ကတော့ ၂၀၁၆ ခုနှစ်မှာအများဆုံးဖြစ်ပြီး ရွာပေါင်း (၈၆၀) ကို ရေဂါလံပေါင်း (၇) သန်းကျော်ပေးဝေခဲ့ရပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ရေရှားပါးတဲ့ကျေးရွာများရဲ့ ရေ အရင်းအမြစ်တည်ရှိမှုကို Physiography (PG)လုပ်ပြီး မြေအောက်ရေ၊ မြေပေါ်ရေ၊ စိမ့်စမ်းရေ စသဖြင့် လေ့လာတိုင်းတာပြီး ရနိုင်သည့်နည်းလမ်းများကို ဖော်ထုတ်ကာ သမားရိုးကျစနစ်မှ ဖောက်ထွက်၍ရနိုင်သည့်နည်းလမ်းစုံကို အသုံးချဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်ရွက်တဲ့ နည်းလမ်းများကတော့-
(က) မြေအောက်ရေအရင်းအမြစ် မရှိသောကျေးရွာအတွက် အနီးအနားပတ်ဝန်းကျင် ကျေးရွာများမှ မြေအောက်ရေရရှိနိုင်သည့်မြေနေရာရရှိအောင်စီမံပြီး စက်ရေတွင်း တူးကာ ပိုက်လိုင်းဖြင့် သွယ်တန်းပေးပို့ခြင်း၊
(ခ) မြေအောက်ရေရရှိနိုင်တဲ့နေရာမှာ ရေတွင်းတူးပြီး အခြားရေမရသော ကျေးရွာ များကို စုပေါင်းရေဖြန့်ဝေခြင်းစနစ်ကို ဌာနနှင့် ရေကော်မတီတို့ ပူးပေါင်းစီမံ ဆောင်ရွက်ခြင်း၊
(ဂ) စိမ့်စမ်းရေထွက်တစ်ခုမှ ရေထွက်လုံလောက်ပါက အခြားကျေးရွာများသို့ စုပေါင်း ရေဖြန့်ဝေပေးခြင်းကို ကျေးရွာအလိုက် ရေကော်မတီ၊ ပင်မရေကော်မတီတို့ ဖွဲ့စည်းပြီး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊
(ဃ) ရေအရင်းအမြစ်ရှိသော်လည်း ရေမသန့်ပါက ရေသန့်စင်စနစ်များ ဆောင်ရွက် ပေးခြင်း တို့ဖြစ်ပါတယ်။
ရေးပေးဝေခဲ့ရတဲ့ကျေးရွာပေါင်း (၂၄၅၈)ရွာမှာ ရေရရှိရေးစနစ်များ ရှာဖွေဆောင်ရွက် ပေးခဲ့ရာ ၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း (၂၁၉၇) ရွာကို ပုံမှန် ရေရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
စုပေါင်းရေပေးဝေရေးစနစ်များကို ကယား၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရှမ်း(တ)၊ ရှမ်း(ရ)နဲ့ ဧရာဝတီတို့မှာ ၂ ရွာ စုပေါင်းလုပ်ငန်း ၂၅ ခု၊ ၃ ရွာ စုပေါင်းလုပ်ငန်း ၁၅ ခု၊ ၄ ရွာ စုပေါင်းလုပ်ငန်း ၆ ခု၊ ၅ ရွာ စုပေါင်းလုပ်ငန်း ၇ ခု၊ ၆ ရွာ စုပေါင်းလုပ်ငန်း ၆ ခု၊ ၇ ရွာ စုပေါင်းလုပ်ငန်း ၁ ခု၊ ၁၀ ရွာ စုပေါင်းလုပ်ငန်း ၁ ခု၊ ၁၂ ရွာ စုပေါင်းလုပ်ငန်း ၂ ခု၊ ၂၀ ရွာ စုပေါင်းလုပ်ငန်း ၁ ခု၊ ၁၀၅ ရွာ စုပေါင်းလုပ်ငန်း ၁ ခု၊ စုစုပေါင်း လုပ်ငန်း ၆၅ခုကို ကျေးရွာပေါင်း ၃၅၆ ရွာအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
စူပါအယ်လ်နီညိုကြောင့် ယခု ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၊ ဇန်နဝါရီ- ဖေဖော်ဝါရီလအထိ အပူရှိန်ပြင်းထန်မှုကြောင့် ရေကန်များ ခမ်းခြောက်မှုဖြစ်နိုင်ပြီး တွင်းတိမ်များ၊ စိမ့်စမ်းရေသွယ်များ ရေထွက်နည်းနိုင်ပြီး ရေရှားပါးမှု ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဦးစီးဌာနအနေနဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ
(က) ယခင်နှစ်အတွေ့အကြုံများအရ ရေပေးဝေရသော ရေရှားသောကျေးရွာများစာရင်း ပြုစုထားခြင်း၊ ကျေးရွာများနှင့် ချိတ်ဆက်ထားရှိခြင်း၊
(ခ) ၎င်းကျေးရွာများ၏လက်ရှိအခြေအနေကို Feasibility Study (FS) ကောက်ယူ ထားရှိခြင်း၊
(ဂ) ရေဖြန့်ဝေပေးနိုင်ရန် “ရေ ရယူရမည့်”ရေအရင်းအမြစ်များနှင့် ကျေးရွာများ စာရင်း ပြုစုထားခြင်း၊
(ဃ) ရေဖြန့်ဝေရန် ရေသန့်စင်စက်များ၊ ရေသယ်ကားများ ကောင်းမွန်ကြံ့ခိုင်မှု ရှိအောင် ကြိုတင်စစ်ဆေးထားခြင်းနှင့် ရေသန့်စင်ကားများအတွက် လိုအပ်သော Chemical များ စုဆောင်းထားရှိပြီး အသုံးပြုနည်းနှင့် ပြင်ဆင်ထိန်းသိမ်းရေး သင်တန်းများ ပို့ချထားရှိခြင်း၊
(င) ရေသယ်ကား၊ Water Boxer စာရင်းကို မြို့နယ်အလိုက် (ဌာနအလိုက်စာရင်း ကောက်ယူထားရှိထားခြင်း)၊
(စ) စီမံချက် ရေးဆွဲထားရှိခြင်း၊
(ဆ) အသိပညာပေးခြင်း။
ပညာပေးဆွေးနွေးခြင်း။ ကြိုတင်စီမံထားရှိမှုများအနက် အသိပညာပေးခြင်းဟာ အလွန်ပဲ အရေးကြီးပါတယ်။ တစ်ဦးချင်း၊ တစ်အိမ်ချင်း၊ တစ်ရွာချင်း၊ တစ်မြို့ချင်း သိရှိလိုက်နာ ဆောင်ရွက်သင့်တာတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အောက်ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ထိရောက်စွာ ကာကွယ်နိုင်၊ ရေပြတ်လတ်မှု လျော့ချနိုင်မှာဖြစ်ပါတယ်-
(က) ရေကို ချွေတာသုံးစွဲရန်၊
(ခ) ရေကို ရနိုင်သမျှ လှောင်ထားရန် (ရွာတွေမှာဆိုရင် ရာဝင်အိုးများ၊ ကျောက်ဂွေ များ၊ အိုးများ စသဖြင့် နည်းလမ်းမျိုးစုံနဲ့လှောင်ထားတတ်ကြပါတယ်)၊
(ဂ) မြစ်ချောင်းများမှ ရေချိုကို နီးစပ်ရာကန်များတွင် ဖြည့်သွင်းသိုလှောင်ထားရှိခြင်း၊ မြေအောက်ရေများ သိုလှောင်ခြင်း (ဥပမာ- Sand Dam၊ စိမ့်ဝင်ရေကန်များ တည်ဆောက်ခြင်း၊ ရေကို မြေအောက်ရေလွှာထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်း၊ မိုးရေ မျက်နှာပြင်စီးဆင်းမှုကို စုဆောင်းပြီး စစ်ထုတ်ကာ မြေအောက်သို့ စိမ့်ဝင် စေခြင်း၊ ရေ ပိုလျှံချိန်တွင် ရေတွင်း တစ်တွင်းတည်းကို အသုံးပြု၍ ရေကို မြေအောက်ရေလွှာထဲသို့ ထိုးသွင်းသိုလှောင်ပြီး ရေလိုအပ်ချိန်တွင် ထိုရေတွင်းမှ တစ်ဆင့် ပြန်လည်ရယူခြင်း)
(ဃ) ရေပေးရေဆိုင်ရာအခြေခံအဆောက်အဦနှင့် စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ပြီး ပုံမှန်လည်ပတ်နိုင်ရန် ရေကော်မတီများနှင့် ကြိုတင်စစ်ဆေး ပြင်ဆင် ထားရန်၊
ဒါ့အပြင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်စေရန်၊ ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်နဲ့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ဆက်သွယ်ရေးနည်းလမ်း ပေါင်းစုံကိုလည်း ဖွင့်ပေးထားဖို့ လိုအပ်တဲ့အတွက် အောက်ပါအတိုင်း စီစဉ်ထားရှိပါတယ်-
(က) ကျေးရွာများနှင့် ဌာနဆိုင်ရာများ (အဓိက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့)အချိန်နှင့်တပြေးညီဆက်သွယ် နိုင်ရေး၊ ကြိုတင်ချိတ်ဆက်ထားရှိနိုင်ရေးအတွက် ဖုန်းနံပါတ်များ ဖြန့်ဝေထားပြီး ဖုန်း၊ Viber တို့မှတစ်ဆင့် သတင်းပို့နိုင်ရန် ဆောင်ရွက်ထားရှိခြင်း၊
(ခ) ဒေသစုံ၊ နေရာစုံမှ သိရှိလှူဒါန်းခြင်း၊ ပါဝင်ကူညီခြင်း၊ သတင်းမေးမြန်းခြင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် www.waterdonation.orgWebsite တည်ထောင် ထားရှိပြီး သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက် ဖော်ပြသွားမည်ဖြစ်ခြင်း။
အဖွဲ့အစည်းပေါင်းစုံပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကြိုတင်စီမံခြင်း
မြို့နယ်အလိုက် ရရှိတဲ့သတင်းအချက်အလက်များအပေါ် အခြေခံကာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ရေ ဖြန့်ဝေရန် ရေသယ်ယာဉ်များအတွက် စက်သုံးဆီ ရရှိစေရေးကိုလည်း ကြိုတင်ပြင်ဆင်လျာထား ပြီး ချက်ခြင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန်အစီအမံများကို မြို့နယ်အလိုက် ရေးဆွဲထားရှိပါတယ်။
ရေတွင်းတူးစက်ကြီးများနှင့် ရေသန့်စင်ကားများ၊ ရေသယ်ယာဉ်များ အဆင်သင့်ဖြစ်ခြင်း
ကျေးလက်ဦးစီးအနေဖြင့် အရေးပေါ်ရေတွင်းတူးရန်၊ ချောင်း၊ မြောင်း၊ ဆည်ရေကို ရေသန့်စင်နိုင်မည့်ရွှေ့လျားရေသန့်စင်ကားကြီးများနှင့် ရေသယ်ကားများကို အဆင်သင့်သုံးစွဲ နိုင်ရန် ပြင်ဆင်ထားရှိပါတယ်-
|
(က) |
ရေတွင်းတူးစက်ကြီး |
- |
၁၃ စီး |
|
(ခ) |
ရေတွင်းတူးစက်ငယ် |
- |
၃ စီး |
|
(ဂ) |
လေမှုတ်စက် |
- |
၁၆ စီး |
|
(ဃ) |
ကရိန်းကား |
- |
၈ စီး |
|
(င) |
ရေသယ်ယာဉ် |
- |
၂၈ စီး |
|
(စ) |
ရေသန့်စင်ကား |
- |
၁၁ စီး |
|
(ဆ) |
မြေပြင်ရေတိုင်းတာစက် |
- |
၁၅ ခု |
|
(ဇ) |
Water Quality Test Kit |
- |
၁၆ ခု |
ဌာနဆိုင်ရာစက်ယန္တရားများအပြင် ပုဂ္ဂလိကစက်ယန္တရားများဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စူပါအယ်လ်နီညိုကာလ အောက်တိုဘာလမှစတင်ပြီး နွေရာသီကာလအပါအအဝင် မေလ၊ မိုးမကျမီကာလအထိ ၄လမှ ၅လအထိကြာမြင့်နိုင်လို့ ပြင်းထန်ပါတယ်။ ကျေးရွာများကို ကွင်းဆင်းကြမယ့်ဝန်ထမ်းများ၊ ရေပေးဝေရေးလုပ်ငန်းအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြမယ့်ဝန်ထမ်းများလည်း အပူရှိန်ကြောင့် ကျန်းမာရေးမထိခိုက်အောင် အထူး ဂရုစိုက်ရန် အရေးကြီးပါတယ်။
ကွင်းဆင်းဆောင်ရွက်မှုတွေကို မနက်ပိုင်းစောစောနှင့် ညနေ (၃) နာရီနောက်ပိုင်းသာ ဆောင်ရွက်သင့်ပြီး နံနက် ၁၀နာရီမှ ညနေ ၃ နာရီအတွင်း အထူးသတိထားဆောင်ရွက်ကြရန် လိုအပ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလမ်းညွှန်ချက်များကို အထူးလိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။
တစ်ယောက်အားနဲ့မရ - စုပေါင်းအားဖြင့် ကျော်လွှားကြမယ်
စူပါအယ်လ်နီညိုပြင်းထန်မှာ ဖြစ်ပါတယ်။ လက်ရှိကောက်ယူထားရှိသည့် စာရင်းအရ နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း (366) ရွာ ရေပြတ်လပ်နိုင်ခြေ ရှိပြီး လူဦးရေ (၂.၇) သိန်းခန့် ခံစားရနိုင်ခြေရှိပါတယ်။ ဖြစ်ချင်မှ ဖြစ်မယ်။ ခန့်မှန်းချက်သာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ရေပေးဝေရေးအစီအမံတွေ ကြိုတင်စီမံထားရှိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စူပါအယ်လ်နီညိုရဲ့ သက်ရောက်မှုက ရေပြတ်လပ်မှုတစ်ခုတည်းမဟုတ်ဘဲ အခြားသက်ရောက်မှုတွေလည်း များစွာ ရှိမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီမှသည် စုပေါင်းအားဖြင့် ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ကျေးလက်ပြည်သူများ စုပေါင်းဆောင်ရွက်ပြီး ဒီကာလကို တောင့်ခံကျော်ဖြတ်ကြရမှာ ဖြစ် ပါတယ်။ သတိပေးချက်တွေကို မပြတ်နားစွင့်ပြီး ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာနေထိုင် ခြင်းဖြင့် နေ့စဉ်လူနေမှုဘဝ သာယာအောင်၊ ဘေးကင်းအောင်၊ ကျန်းမာစွာ ဖြတ်သန်းနိုင်အောင် ကြိုးစားနေထိုင်ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်း နိုင်အောင်လည်း အဆင်သင့်ပြင်ဆင်ထားကြရပါမယ်။ အားလုံးပူးပေါင်းပါဝင်ဖို့လဲ လိုအပ်ပါတယ်။
ဘယ်လို ပူးပေါင်းပါဝင်ကြမလဲ?
စူပါအယ်လ်နီညိုရဲ့ အန္တရာယ်ကို သိရှိအောင်လုပ်ပေးခြင်း၊ အသိပညာပေးခြင်း၊ ရေကို ချွေတာသုံးစွဲခြင်း၊ ရေ သိုလှောင်ခြင်း၊ ကိုယ်ချင်းစာတရား ထားရှိခြင်း၊ လိုအပ်သူကို ကူညီ ပံ့ပိုးခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ စူပါအယ်လ်နီညိုဖြစ်စဉ်ကို ရှောင် လွှဲလို့ မရနိုင်တဲ့အတွက် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်မှု၊ အန္တရာယ်ကို သိအောင် အသိပညာပေးမှု၊ ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးနိုင်မှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည့်အစီအမံကောင်းတွေ၊ စီမံချက်တွေ ရေးဆွဲထားရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု တို့ကသာ ထိခိုက်မှုကို လျော့ပါးသက်သာစေမှာဖြစ်တဲ့အတွက် အားလုံးပူးပေါင်း ဆောင်ရွက် သွားကြပါစို့ဟု တိုက်တွန်းရင်း…။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်