Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာခြောက်ရွာကို အကျိုးပြုစေမည့် ရွှေဖလား-စိန်ဖလား- သရက်ကုန်း-ကော့တာမွန်-ကော့ဆန်အိမ်လမ်း ကတ္တရာလမ်းသစ်ဖွင့်


02 Nov,2026

ဘားအံ အောက်တိုဘာ ၃၀

            နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၂၆၇ အိမ်၊ လူဦးရေ ၁၂၅၁ ဦးတို့ကို တိုက်ရိုက်အကျိုးပြုစေမည့် ရွှေဖလား- စိန်ဖလား-သရက်ကုန်း-ကော့တာမွန်-ကော့ဆန်အိမ်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

          ရွှေဖလား-စိန်ဖလား-သရက်ကုန်း-ကော့တာမွန်-ကော့ဆန်အိမ်လမ်းသည် စုစုပေါင်းအရှည် လေးမိုင် ခြောက်ဖာလုံရှိပြီး ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၆၅ ဒသမ ၂၉၂ သန်းဖြင့် အကျယ် ၁၂ ပေ ကတ္တရာလမ်း ငါးဖာလုံကို ဘားအံခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင်လည်း ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းများအနက် ကတ္တရာလမ်း လေးဖာလုံကို လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

            အဆိုပါလမ်းသည် မွန်-ကရင်ပြည်နယ်ချင်းဆက်လမ်းဖြစ်သော အိန္ဒု-ဇာသပြင်လမ်း၊ ဘားအံ-မြဝတီ အာရှလမ်းမကြီးတို့နှင့်ချိတ်ဆက်ထားခြင်းကြောင့် ပြည်နယ်နှစ်ခုလုံးသို့ ထုတ်ကုန်စီးဆင်းနိုင်သည့် အဓိကလမ်းတစ်လမ်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးအောင်လွင်နှင့် ပြည်နယ်ဝန်ကြီးများက ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြသည်။

အကျိုးရှိရှိအသုံးပြု

           ဆက်လက်၍ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် ကျေးလက်ဒေသနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြနှင့်ကျေးလက်ဒေသ ကွာဟမှု နည်းနိုင်သမျှနည်းအောင် ဦးစားပေး ဆောင်ရွက်ထားသည့် လုပ်ငန်းများဖြစ်သည့်အတွက် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် တန်ဖိုးထား၍ အကျိုးရှိရှိအသုံးပြုကာ မိမိတို့ ဒေသဖွံ့ဖြိုးရေး သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ပေါင်းစပ်တင်ပြ ဆောင်ရွက်ပေးခြင်းဖြင့် ခေတ်မီစံပြကျေးရွာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ကျေးလက်နေ ပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်  ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်