နေပြည်တော် ဩဂုတ် ၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အတူ ဩဂုတ်လ ၂ ရက်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့သို့သွားရောက်ပြီး သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေး ရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ၁၅ ကီလိုဝပ်ဆိုလာ (၂) စုံ၊ မြင်းကောင်ရေ (၁၀) ကောင်အားရှိ ရေတင်ပန့်များ အသုံးပြု၍ ပင်မရေသိုလှောင်ကန် (၂) ခုသို့ ပေးပို့ လျက် ဆီဆိုင်မြို့ပေါ် ရပ်ကွက် (၆) ခု၊ ဝါးတော၊ ဟော်တောင်၊ ဟော်မြောက်၊ ဘုရားဖြူ၊ တခေါ့တန် ကျေးရွာ (၅) ရွာအား သောက်သုံးရေနှင့် စိုက်ပျိုးရေ ပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆီဆိုင်မြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည် ဆောက်လုပ်မည့်နေရာ၊ ယာယီရုံး ဖွင့်လှစ်ဆောင်ရွက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ အောင်ပွဲကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အောင်ပွဲ- ကုန်းသလေး-တဖူးကိုင်-လွယ်တဝိုင်း-ဟိုနမ့် ကျေးရွာချင်းဆက်လမ်း အရှည် (၃) ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် လမ်း (၇) လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်နေသော မော်တော် ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း တက်ရောက်နေသည့် သင်တန်းသား (၁၀) ဦးနှင့်တွေ့ဆုံ ကာ အားပေးစကားပြောကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းပေါ်မှ ကျေးရွာများ ဖြစ်ကြသော စငေါကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာသို့လည်းကောင်း၊ ထိုမှတဆင့် ပန်လျန်းကျေးရွာသို့ လည်းကောင်း၊ ထိုမှတဆင့် စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာသို့လည်းကောင်း သွားရောက်ပြီး ကျေးရွာသူ ကျေးရွာသားများ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါကျေးရွာ ၃ ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိမ့်စမ်းရေသွယ်စနစ် ဖြင့် အိမ်တိုင်ရေသွယ် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးထားပြီး ကျေးရွာလူထု၏ လိုလားချက်များ ဖြစ်သော ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်ပေးရေး၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရေး၊ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရေး လုပ်ငန်းများအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တွေ့ဆုံကာ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆီထွက်သီးနှံ လျာထားစိုက်ပျိုးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်