Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဗ္ဗသီရိမြို့နယ် သမဝါယမအသင်းများ၏ အိမ်ရှင်မဆီစက်လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး


06 Nov,2024

နေပြည်တော် နိုဝင်ဘာ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ၌ ကျောက်စိမ်း လယ်ယာနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းပိုင် ဆီစက်ကို တည်ထောင်ပေးခဲ့ပြီး ဒေသမှထွက်ရှိသော ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတို့ကို ကြိတ်ခွဲဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လမှစ၍ ဆီစက်လုပ်ငန်းကို တိုးချဲ့ရန်အတွက် သားတင်ဦး အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် အကျိုးတူပူးပေါင်း လျက် အိမ်ရှင်မအဆင့်မြင့်ဆီစက်လုပ်ငန်းအား ထူထောင်ခဲ့ပါသည်။ ယင်းသို့လုပ်ငန်းတိုးချဲ့ရာတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်မှစ၍ ဆီကြိတ်ခွဲစက် (၄) လုံးကိုလည်းကောင်း၊ ကုန်ကြမ်းများ သိုလှောင်ခန်းနှင့် ၅၀၀၀ လီတာဆံ့ ဆီသိုလှောင်ကန်ကိုလည်းကောင်း၊ မြေပဲဆီသန့် filter ၊ မြေပဲဆီ အရော Filter များကိုလည်းကောင်း တည်ဆောက်ကာ ဒေသထွက်မြေပဲများကို စတင်ကြိတ်ခွဲ လည်ပတ်လျက် ရှိပါသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အဆိုပါဆီစက်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ သမဝါယမအသင်းဥက္ကဋ္ဌ ဦးအောင်ကိုထက်က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်ပမှ တင်သွင်းနေသော စားအုန်းဆီများ လျှော့ချနိုင်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ဒေသတွင်း ဆီထွက်သီးနှံများ ဝယ်ယူကြိတ်ခွဲဖြန့်ဖြူးနိုင်ရေးတို့အတွက် သမဝါယမဆီစက်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော အိမ်ရှင်မဆီစက်မှ တစ်ရက် လျင် (၈) နာရီ ၂ Duty ဖြင့် ပိသာ ၁၄၀၀ ကြိတ်ခွဲပေးလျက်ရှိရာ ရက်သတ္တ ၁ ပတ်လျင် ပိသာ ၄၂၀၀ ခန့် ကြိတ်ခွဲဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကျွန်းတောကြီး-ပုစွန်ဆိတ် ကျေးရွာချင်းဆက်လမ်း အရှည် (၂.၃) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး  ဒုတိယဝန်ကြီးက ကျန်လမ်းပိုင်းအား ဆက်လက်ဖောက်လုပ်ပေးရန် မှာကြားသည်။ အဆိုပါလမ်းသည် ကျွန်းတောကြီးကျေးရွာမှ တဆင့် ဗုဒ္ဓဂယာ သွားသောလမ်းသို့ ဆက်သွယ်နိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသော ဆီထွက်သီးနှံ မြေပဲ၊ နေကြာနှင့် ပြောင်းများ ဖြန့်ဖြူးရောင်းချရန် အကျိုးပြုမည့်လမ်းလည်း ဖြစ်ပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ သို့ သွားရောက်ပြီး တပ်ကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း (၅) သင်းမှ အသင်းသားတောင်သူ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လက်ရှိစိုက်ပျိုးနေကြသော မိုးဝါများ ပန်းတိုင်အထွက် နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာနှင့် မြေပဲကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရေး၊ သမဝါယမ အသင်းစုချုပ်များကလည်း တောင်သူများလိုအပ်သည့် မျိုး၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို သီးနှံပေါ်ပေးစနစ်ဖြင့် ကူညီပံ့ပိုးပေးရေး တိုက်တွန်း မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများထံ စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံခွန်တိုင်ကျေးရွာမှ အသင်းသားတောင်သူ ဒေါ်နုရည်နှင့် ဒေါ်စိန်နုတို့၏ လယ်မြေ (၁၀) ဧကတွင် RAKA 666 ဝါမျိုး စိုက်ပျိုးထားမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ အဆိုပါဝါစိုက်ခင်းများတွင် တတိယအကြိမ်ထိ ခူးဆွတ်မှုအခြေ အနေအရ တစ်ဧကလျင် ခန့်မှန်းပိသာ ချိန် ၆၀၀ ကျော်ခန့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ရွှေဥဒေါင်းခေတ်မီစံပြကျေးရွာသို့ သွား ရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဒေသထွက်သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ သင်တန်းမှ ထူးချွန်သူ ၅ ဦးအား ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လုပ်ငန်း သုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေဥဒေါင်းခေတ်မီစံပြကျေးရွာအတွင်း၌ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးရွာတွင်းလမ်း ပေ (၁၂၇၀) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်