Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေးသရုပ်ပြစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားတက်ရောက်


27 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၂၇

          မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(ပုဂ္ဂလိက)ဖြင့် ဆောင်ရွက်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေးသရုပ်ပြစီမံကိန်း ပြီးမြောက် အောင်မြင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေး သံမှူး Mr.  Ouyang Daobing (မစ္စတာ အိုးရန်တောင်ပင်း)နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်ရဲ့ ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အထောက်အပံ့ကောင်း ဖြစ်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊ ကျေးလက်အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဲဒီလို ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် တိကျသော မျှော်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ထားရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူ‌ဘောင်ပါ မဟာဗျူဟာ(၅)ရပ်နဲ့အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလို ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးဖော်ဆောင်ရာမှာ ရေရရှိရေးကဏ္ဍဟာ မရှိမဖြစ်အရေးပါလှတာ အားလုံးအသိပဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်(၆)ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး အတွက် စဉ်ဆက်မပြတ် စီမံခန့်ခွဲ ကြိုးပမ်းအားထုတ် လျက်ရှိပါကြောင်း၊ ယခုလက်ရှိ ကောက်ယူ ထားသော စာရင်းများအရ ရေရရှိရေး လွှမ်းခြုံမှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၉ ရာခိုင်နှုန်း အထိ ရရှိအောင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်း ချက်များ ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ရေပေးရေး၊ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ နှင့် ရင်းနှီးမြုပ်နှံမှု အစီအစဉ်ကိုရေးဆွဲခဲ့ပြီး ယင်းမဟာဗျူဟာမြောက် ရည်မှန်းချက်များ၊ လုပ်ငန်း အစီအစဉ်များနှင့်အညီ ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ရန်ပုံငွေများဖြင့် သာမက နိုင်ငံတကာ အလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့ များကို ရယူဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်လည်း မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာ ဝပြောမှုကို တိုးမြှင့် ပေးရန်အတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် ပုဂ္ဂလိကကဏ္ဍမှ ချိတ်ဆက်မှု အစီအစဉ်ဟူ၍(၂)မျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်သည့် စီမံကိန်းတွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေ ရရှိ စေရေးအတွက် သာမက ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း အသုံးပြုရန်အတွက် ရေရရှိရေးလုပ်ငန်းများကိုပါ ထည့်သွင်း  တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား  SPIC (Myanmar) Zero Carbon Energy ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပြီး နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒါ့ကြောင့် အစိုးရ - ပြည်သူ - ပုဂ္ဂလိက သုံးပွင့်ဆိုင် လက်တွဲညီညီဆောင်ရွက်မှု စံနမူနာပြ စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းတွင် ပေ ၅၀၀ အနက်မှာရှိသည့် မြေအောက်ရေကို ရယူပြီး ရေစစ်ကန်အတွင်း ဖြတ်သန်း သန့်စင်ကာ အမြင့်တင်ရေစင်ဖြင့် ကျေးရွာအတွင်း သန့်ရှင်းသော သောက်သုံးရေဖြန့်ဖြူးသည့် စနစ်ကို  တည်ဆောက်ထားခြင်းကြောင့် ကျေးရွာရှိ အိမ်ခြေ(၄၃၀)၊ လူဦးရေ (၁၈၇၂)ဦးနှင့် ကျေးရွာ ရှိ မွေးမြူရေးလုပ်ငန်းများအား အကျိုးပြုပေးနိုင်မှာဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီနှင့် ဦးစီးဌာန ဝန်ထမ်းများ၊ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ဒေသခံပြည်သူများကိုလည်း ကျေးဇူးတင် အသိအမှတ်ပြု ပါကြောင်း၊ စီမံကိန်းမှ ဆောင်ရွက်ပေးသော ရေရရှိရေး လုပ်ငန်းသုံးပစ္စည်းများ၊ ရေပေးရေး စနစ်များအား စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးနှင့် ရေရှည်တည်တံ့‌စေရေး ကျေးရွာသူ ကျေးရွာ သားများအနေဖြင့် မိမိတို့ပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူ၍ ထိန်းသိမ်းစောင့်ရှောက် ကိုင်တွယ်သုံးစွဲကြရန် အထူးတိုက်တွန်းမှာကြားလိုပါကြောင်း၊ ကျေးရွာရေရရှိရေးလုပ်ငန်း ပုံမှန် လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးတို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကျေးရွာသူ၊ ကျေးရွာသားများပူးပေါင်း၍ လိုအပ်သည့်အစီအမံများ၊ ရန်ပုံငွေကောက်ခံရေး အစီအမံများကို ရေးဆွဲဆောင်ရွက်ကြရန်  ထပ်လောင်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေး သံမှူး Mr.  Ouyang Daobing (မစ္စတာ အိုးရန်တောင်ပင်း) တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်းစီမံကိန်းပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော် ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့်  အစီအစဉ်များအားလည်းကောင်း ပြောကြားကြပါသည်။

ဆက်လက်၍ SPIC (Myanmar) Zero Carbon Energy ကုမ္ပဏီမှ ဥက္ကဋ္ဌက စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီးနောက် ကျေးရွာကိုယ်စားလှယ်ထံ စီမံကိန်းဆိုင်ရာ အချက် အလက်များအား လွှဲပြောင်းပေးအပ်ပါသည်။

          ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပါသည်။

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ကိုယ်စားလှယ်၊ နေပြည်တော်ကောင်စီဝင်၊ SPIC (Myanmar) Zero Carbon Energy ကုမ္ပဏီမှ ဥက္ကဋ္ဌတို့က စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အမြင့်တင်ရေစင်၊ ရေသန့်စက်ရုံတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပါသည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ကိုယ်စားလှယ်တို့က ကဗ္ပည်း မော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များပက်ဖြန်းပြီးနောက် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်